Sunday, March 19, 2023

သိကောင်းစရာ ဓူတင်သာသနာ အပိုင်း(၅)

 


သိကောင်းစရာ ဓူတင်သာသနာ

အပိုင်း(၅)
ဓူတင်ဆောင်ရဟန်းကို ဓူတင်ကစောင့်ရှောက်ပေးတယ်
*************
(🙏=MA ဦးဇင်း
🏳️=ဆရာတော်)
🙏-သိပ်ပြီးကို ကြီးကျယ်မြင့်မြတ်တဲ့ ရည်ရွယ်ချက်တွေပါ ဘုရား။
တပည့်တော် သိချင်သေးတာက ဘယ်ဓူတင်က ဘယ်အပေါ်မှာ ဖြစ်ခွင့်ရှိတဲ့ ဘယ်လို ကိလေသာ အညစ်အကြေးတွေကိုမဖြစ်အောင် စောင့်ရှောက်ပေးတယ်ဆိုတာ အသေးစိတ်ရှိပါသလားဘုရား။
🏳️-ရှိပါတယ်။ရှိတယ်၊ရှိတယ် ဦးဇင်း။
သင်္ကန်းမှာ ဖြစ်ခွင့်ရှိတဲလ တဏှာလောဘကို သင်္ကန်းသုံးထည်ကိုသာ ဆောင်တဲ့
တိစီဝရိတ်ဓူတင်နှင့် အမှိုက်ပုံတို့ အလောင်းကောင်တို့ကနေ ကောက်ယူရတဲ့ သင်္ကန်းကို ဆောင်တဲ့ ပံသုကူဓူတင် ၂ပါးတို့က တိုက်ထုတ်ကာကွယ်ပေးနိုင်ပါတယ်။ဆွမ်းခံပြီး ဘုန်းပေးရတဲ့ ပိဏ္ဍပါတ်ဓူတင်၊အိမ်စဥ်အတိုင်း ဆွမ်းခံရတဲ့
သပဒါနစာရိကဓူတင်၊တစ်ကြိမ်တည်း ဘုန်းပေးရတဲ့ ဧကာသနိက်ဓူတင်၊တစ်ခွက်တည်း ဘုန်းပေးရတဲ့ ပတ္တပိုဏ်ဓူတင်အပါ ဆွမ်းဓူတင် ငါးပါးက ဆွမ်းနှင့်စပ်လျဥ်းပြီးတော့ ဖြစ်ခွင့်ရှိတဲ့ တဏှာလောဘကို ကာကွယ်စောင့်ရှောက်ပေးနိုင်ပါတယ် ဦးဇင်း။
🙏-မှန်ပါ။ကျင့်ရင် ကျင့်သလောက် ကျေးဇူးများလွန်းတဲ့ အကျင့်ပါ ဘုရား။
🏳️-ဟုတ်ပါတယ်၊ဆက်ပြီး ပြောပြဦးမယ်နော်။တောကျောင်းမှာ နေရတဲ့ အာရညကင် ဓူတင်၊သစ်ပင်ရင်းမှာနေရတဲ့ ရုက္ခမူဓူတင်၊လွင်တီးခေါင်မှာနေရတဲ့ အဗ္ဘော ကာသိက ဓူတင်၊သုဿန်မှာနေရတဲ့ သုဿာန်ဓူတင်နှင့် သံဃာညွှန်ရာ ကျောင်းမှာသာ နေရတဲ့ ယထာ သန္တတိ ဓူတင်တွေက ကျောင်း၊အိပ်ရာနေရာနဲ့ စပ်ပြီးတော့ ဖြစ်ခွင့်ရှိတဲ့ တဏှာလောဘကို ကာကွယ်ပေးနိုင်ပါတယ်။
🙏-နောက်ဆုံး အမှတ်စဥ် ၁၃ နိဿဇ္ဇိဓူတင်က ဘာကို ကာကွယ်မေးတာပါလဲ ဘုရား။
🏳️-ပျင်းရိ၊ထိုင်းမှိုင်း၊ငိုက်မျည်းနေရတဲ့ ထိနမိဒ္ဓ ကိလေသာကို တိုက်ထုတ်ဖို့ နိသဇ္ဇိဓူတင်က ကာကွယ်ပေးနိုင်ပါတယ် ဘုရား။
🙏-ဓူတင် တစ်ပါးချင်းစီက ကိလေသာများကို တိုက်ထုတ်ပေးနိုင်တာသိခွင့်ရပါပြီ ဘုရား။ဓူတင် ၁၃ ပါးကိုအကျဥ်းမှတ်တဲ့နည်းများ ရှိသေးရင်လည်း သိပါရစေ ဘုရား။
🏳️-​ကောင်းပါပြီ။ဓူတင် ၁၃ ပါးကိုအလွယ်မှတ်မိအောင် ဓူတင်ကိုမြတ်နိုးတော်မူတဲ့ တောရဆရာတော်တစ်ပါးက ဘူန်းကြီးကို နည်းပေးထားတာရှိတယ်။`ငါးငါးနှစ်တစ်´ လို့မှတ်ရမယ်တဲ့ ဦးဇင်း။
🙏-ငါးငါးနှစ်တစ်ကို ဂဏန်းသင်္ချာနဲ့ ဘယ်လိုမှတ်ရတာပါလဲ ဘုရား။
🏳️-ဟုတ်ပြီ။ပြောပြမယ်နော်။ဂဏန်းသင်္ချာနဲ့ ၅၅၂၁ လို့မှတ်ရမယ်ဆိုတာက ပထမဦးဆုံး ၅က ဆွမ်းဓူတင် ၅ပါး။ဒုတိယ ၅က ကျောင်းနေရာဆိုင်ရာ ဓူတင် ၅ပါး။တတိယက သင်္ကန်း ဆိုင်ရာ
ဓူတင် ၂ပါး။နောက်ဆုံး ၁ ကနိသဇ္ဇိဓူတင် ၁ပါးနော်။ ဂဏန် သင်္ချာက အခုလို
ကြီးစဥ်ငယ်လိုက် ၅၅၂၁ စဥ်ထားတာဆိုတော့ မှတ်မိလွယ်တာပေါ့ ဘုရား။
🙏-မှန်လှပါ ဘုရား။အခုလို တူရာတူရာ
အုပ်စုလိုက် မှတ်ထားတဲ့အတွက် မမေ့တော့ပါဘူးဘုရား။ဒီ ၅၅၂၁ အုပ်စုထဲက ဓူတင်တွေရဲ့ အဓိပ္ပါယ်ကို မြန်မာလို မှတ်မိလွယ်တဲ့ နည်းများရှိသေးရင်လည်း သိချင်ပါသေးတယ်ဘုရား။
🏳️-​ကောင်းပါပြီ။ဆွမ်းဓူတင် ၅ပါူကစပြီး စာသံပေသံမပါ မြန်မာစကား ရိုးရိုးလေးနဲ့ ပြောပြမယ်နော်။
`ဆွမ်းခံစားပါ့မယ်ဘုရား´
`အိမ်စဥ်အတိုင်း ဆင်းရဲ ချမ်းသာမရွေး
ကြွပါ့မယ်ဘုရား´
`တစ်နေ့မှာတစ်ခါ နေရာမရွေ့ဘဲ
စားပါ့မယ် ဘုရား´
`တစ်ခွက်တည်း စားပါ့မယ် ဘုရား´
`တော်ပြီ ၊တန်ပြီ ပြောမိရင်
နောက်တစ်ခါ မစားတော့ပါဘုရား´
တဲ့ ဦးဇင်း။
🙏-မြန်မာ စကားနဲ့ ပေါ့ပေါ့ပါးပါး၊လွယ်လွယ်ကူကူ ကြားနာရ မှတ်သားခွင့်ရတာ
ကျေးဇူးတင်ပါတယ်ဘုရား။ဆွမ်းဓူတင် ၅ပါးရပါပြီ ဘုရား။
🏳️-ဒုတိယ ၅က ကျောင်းနေရာဆိုင်တဲ့ ဓူတင်နော်
`တောရကျောင်းမှာ နေပါ့မယ်ဘုရား´
`သုဿာန်မှာ နေပါ့မယ်ဘုရား´
`သစ်ပင်အောက်မှာ နေပါ့မယ်ဘုရား´
`မိုကောင်းကင်အောက် နေပါ့မယ်ဘုရား´
`ထားရာကျောင်းမှာ နေပါ့မယ်ဘုရား´တဲ့။
နောက် ၂ ရှိသေးတယ်။ဒီ ၂က သင်္ကန်းဓူတင် ဆိုင်ရာနော်။
`သင်္ကန်း ၃ထည်သုံးပါ့မယ်ဘုရား´
`ပံ့သုကူ သင်္ကန်း သုံးပါ့မယ်ဘုရား´
တဲ့ ဦးဇင်း။နောက်ဆုံး ၁ကတော့ဝီရိယဓူတင်နော်။ခါးဆန့် ခေါင်းချပြီး မအိပ်ပါ ဘုရား´တဲ့။
🙏-ကျေးဇူးတင်ပါတယ် ဘုရား။အခုလိုခြိုးခြိုးခြံခြံ၊ပင်ပင်ပန်းပန်း ကျင့်ရတဲ့အတွက် တချို့ သူတွေက သာသနာတော်မှာ ဓူတင်အကျင့် ကျင့်တာကို သတ်သတ် ဒုက္ခခံကြတာလို့ စွပ်စွဲချင်ကြတာ အပြစ်ကြီးလှပါတယ် ဘုရား။
🏳️-သူတို့ သာသနာ့အဆုံးအမကို ထဲထဲဝင်ဝင် မသိလို့ ပြောကြတာပါ။ဆွမ်း၊သင်္ကန်း၊ကျောင်း၊ဆေး ပစ္စည်းလေးပါးပေါ်မှာ တွယ်တာမှု တဏှာကို ဒီဓူတင် ၁၃ ပါးနဲ့ ဘုရားရှင် ကာကွယ်ပေးတော်မူတာပါ။ဒါ့ကြောင့် ဓူတင်ကျင့်တဲ့ရဟန်းရဲ့ ဘာဝနာလုပ်ငန်းက အနှောက်အယှက်မရှိ
ဖြောင့်ဖြောင့် တန်းတန်းကြီးကို တိုးတက်ပြီးတော့ အရိယာဖြစ်တဲ့အထိ ကျေးဇူးပြုနိုင်တယ် ဦးဇင်း။
🙏-သာဓုပါဘုရား။အခုလို သိရတာ ဝမ်းမြောက်ပါတယ် ဘုရား။
🏳️-အခုလို မြင့်မြတ်တဲ့ ဓူတင်အကျင့်ကို ဘဝတသက်တာလုံး ဆောက်တည်တော်မူခဲ့တဲ့ ဓူတင်ဧတဒဂ် အရှင်မဟာ ကဿပ မထေရ်မြတ်ကြီးတို့ကို အတုယူပြီး၊အပ္ပိစ္ဆတာ အလိုနည်းတဲ့ဂုဏ်၊သန္တုဋ္ဌိတာ ရောင်းရဲ လွယ်တဲ့ဂုဏ်တွေနဲ့ ပြည့်စုံလိုတဲ့ ရဟန်းတော်များက ဓူတင်အကျင့်ကို မပျက်မကွက် ကျင့်သုံးဆောက်တည်ကြရပါမယ် ဘုရား။
🙏-ဘုရားတပြည့်တော် တစ်နေ့ကျရင်
ဓုတင်ကို မဖြစ်မနေ ကျင့်ပါမယ်ဘုရား။
🏳️-သာဓု၊သာဓု၊သာဓုပါ ဦးဇင်း။
အရှင်ခေမာနန္ဒ
(ရန်ကင်း တောရ သပြေပင်)
*ပြီးခဲ့သည့် ဓမ္မဝိနယပါဠိတက္ကသိုလ်၌ ကျင်းပ အောင်မြင်ခဲ့သည့် ဒသမ အကြိမ်မြောက် ဝိနည်းဆွေးနွေးပွဲ၌ ရန်ကင်းတောရဆရာတော်ကြီးကိုယ်တော်တိုင်ကြွရောက်ပြီး ယခု စာအုပ်အား အုပ်ရေ ၁၀၀
လှူဒါန်းခဲ့ပါသည်။
မိမိလည်း တစ်အုပ် အလှူခံရရှိခဲ့ပါ၏။
ဤစာတို့အား Scan ဖတ်သော software တို့ကိုပင် အသုံးမပြုပဲ လက်ဖြင့်စာရိုက်ပြီး face book စသည့် social media တို့၌ ရေးသား တင်လှူပူဇော်လိုက်ပါ၏။
ရည်ရွယ်ချက်ကား
1-စာအုပ်မရရှိသော ရဟန်းရှင်လူ အများအား သိရှိ၊ ရရှိစေရန် လည်းကောင်း
2-မိမိကိုယ်တိုင်လည်း စာရိုက်ရင်း စာကြေအောင်ဖတ်ဖြစ်သည့်အလေ့အထ ရစေရန်လည်းကောင်း
3-ဓူတင်သာသနာ ကို ပူဇော်ရန်အတွက်လည်းကောင်း ဖြစ်ပါသည်။
မူလ စာရေးသူ ဆရာတော်ကြီးနှင့်
သက်ဆိုင်သူတို့အား ခွင့်တောင်းဖို့ရာ
အခွင့်မသာခဲ့ပါ။
သာသနာ အတွက်ဖြစ်၍
နားလည်ခွင့်လွှတ်မည်ဟု မျှော်လင့်ပါသည်။
မိမိသူတစ်ပါး အကျိုး
ဆောင်ရွက်နိုင်ကြပါစေ
crd#အရှင်နန္ဒသိရီ
(ရေးတင် ပူဇော်သည်)
May be a cartoon of text
All reactions:
6

No comments:

Post a Comment

                                                                                                                                            ...