
-ဓူတင်ဆောင်တော်မူတဲ့ ရဟန်းတော်များက သပိတ်တစ်လုံး၊သင်္ကန်း သုံးထည်
နဲ့ သစ်ရွက်မိုးကျောင်းမှာ သီတင်းသုံးတော်မူတဲ့အတွက် ပစ္စည်းပစ္စယသိုမှီး သိမ်းဆည်းတာလည်းမရှိဘူး ထင်ပါတယ် ဘုရား။

-ဓူတင်ဆောင်ရဟန်းတော်ရဲ့ ဂုဏ်ကျေးဇူးကို မြတ်စွာဘုရားရှင် အခါများစွာ ချီးကျူးတော်မူခဲ့ဖူးပါတယ်ဘုရား။ “အလိုနည်းခြင်း၊ ရောင့်ရဲလွယ်ခြင်း၊ ကိလေသာတို့ကို ခေါင်းပါးစေခြင်း၊ ဆိတ်ငြိမ်ရာ၌ နေခြင်း၊ ကိလေသာတို့ကို ဖျက်ဆီးသောအကျင့်ကို ကျင့်ခြင်း၊ အားထုတ်အပ်သော ဝီရိယရှိခြင်း၊ ဒါယကာတို့က ပြုစုမွေးမြူလွယ်ခြင်း အစရှိသော ဂုဏ်ကျေးဇူးတည်း ဟူသော ရေစင်ဖြင့် အညစ်အကြေးကို ဆေးလျှော်သန့်စင်ပြီးသည်ဖြစ်၏” တဲ့။

-ရှင်တော်ဘုရားရဲ့ ချီးကျူးစကားကို နာကြားရတဲ့အတွက် တပည့်တော် ဓူတင်ဆောင်ရဟန်းကောင်းဖြစ်အောင် ကြိုးစားပါ့မယ်ဘုရား။

-သာဓုပါ။ တောနေရဟန်း ပစ္စည်းသိုမှီးတဲ့အဖြစ်ကို ပြောပြဦးမယ်နော်။ ။

-မှန်ပါ။ တပည့်တော် သိချင်နေတာပါဘုရား။

-ရှေးက ရသေ့နှစ်ပါး ဟိမဝန္တာတောထဲမှာ သစ်သီးသစ်ဥတွေကိုစားပြီး တရားကျင့်လာကြတာ နှစ်ကာလ တော်တော်ကြာသွားတဲ့အတွက် ကျန်းမာ ရေးအရ အချဉ်အငန်တွေကို မှီဝဲနိုင်ဖို့ရာ နယ်စွန်ရွာလေးတစ်ရွာကို သွားပြီး ဆွမ်းခံကြပါတယ်။

- ရွာသူရွာသားတွေက ဆားအငန် လှူဒါန်းပါသလားဘုရား။

-တစ်ခါတစ်ရံလည်း ဆားမပါဘူး။ တစ်နေ့ကျတော့ အိမ်တစ်အိမ်က ဆား ခပ်များများ လှူလိုက်တယ်။ ရတဲ့ဆားထဲက ကျန်တာကို ဝိဒေဟရသေ့က ဖက်နှင့်ထုပ်ပြီး သက်ငယ်အမိုးကြားမှာ ညှပ်ထားလိုက်ပါတယ်။

-ရသေ့တစ်ပါးက အခုလိုသိမ်းတာ အပြစ်ဖြစ်သလားဘုရား။

-ဆက်နားထောင်ကြည့်ရအောင်လေ။ နောက်တစ်နေ့ ဆွမ်းခံသွားတော့ ဆားမရတော့ဘူး။ ဒါနဲ့ ဝိဒေဟရသေ့က ခေါင်မိုးကြားက ဆားထုပ်ကိုယူပြီ ဂန္ဓာရ ရသေ့ထံပါး ပေးလိုက်တယ်။ ဂန္ဓာရ ရသေ့က အံ့ဩပြီး ဒီကနေ့ ဆားမရပါဘူး။ ဒါ ဘယ်ကရသလဲ' လို့ မေးလိုက်တော့ ဝိဒေဟရသေ့က မနေ့ကပိုတဲ့ဆားကို သက်ငယ်အမိုးကြားမှာ သိမ်းထားတဲ့အကြောင်း ပြောပြ လိုက်ပါတယ်။ ဒါနဲ့ ဂန္ဓာရ ရသေ့က “သင်သည် ယူဇာနာသုံးရာရှိသော ဝိဒေဟတိုင်းကို စွန့်ထားခဲ့ပြီးမှ ရသေ့ပြုလာသူ ဖြစ်ပါလျက် ယခု ဤဆားလေး တစ်ပွင့်၊ နှစ်ပွင့်ကို တပ်စွန်းနေဘိ၏' လို့ ဆုံးမစကား ပြောလိုက်တယ်။

-သူတော်ကောင်းတို့များ သိုမှီးမှုကို အပြစ်လို့ မြင်တော်မူကြတာကိုးဘုရား။ ။

-ဟုတ်ပါတယ် ဦးဇင်း။ သီတင်းသုံးဖော် တောနေရဟန်းတော်တစ်ပါး ပြောဖူး တာက “ပြီးခဲ့တဲ့အဖိတ်နေ့က တောရဆောက်တည်မလို့ဆိုပြီး အိုးခွက် ပန်းကန်တွေနဲ့ ဘုန်းကြီးအိုကြီးတစ်ပါးကြွလာလို့ ရွာကျောင်းမှာပဲ နေပါ တော့လားဘုရားလို့ ပြောလွှတ်လိုက်ရတယ် ဦးခေမာ'တဲ့။ ဆရာတော်ကြီးက ဆက်ပြီးတော့ ‘တောကျောင်းမှာ မီးမဖိုတာ အကောင်းဆုံး၊ မီးဖိုလိုက်ပြီဆိုရင် တောရကျောင်းရဲ့ဂုဏ်ရည် ပျက်တော့တာပဲဘုရား'လို့ မိန့်တော်မူလိုက် သေးတယ် ဦးဇင်း။

-တပည့်တော် ဓူတင်ရဲ့ဂုဏ်ရည်ကို တဖြည်းဖြည်း ပိုပိုပြီး မြင်လာပါပြီဘုရား။

-ဓူတင်က ရဟန်းချမ်းသာဖို့ပါဘုရား။ နဘူးကျင်းဆရာတော်ကြီး မိန့်တော် မူဖူးတာတစ်ခု သတိရလို့ ပြောပြဦးမယ်နော်။

-မှန်ပါ။ ဘုရားတပည့်တော် တောရဆောက်တည်တဲ့ တစ်နေ့ကျရင် ပြည့်ပြည့် စုံစုံလိုက်နာပါ့မယ်ဘုရား။

-ကောင်းပါပြီ။ ဆရာတော်ကြီးက “မီးခိုးမစဲ၊ ရဟန်းမွဲ’တဲ့ ဆက်ပြီးတော့ ‘သပိတ် လက်ဆွဲ၊ ရဟန်းပွဲ' တဲ့ ဦးဇင်း။

-ဆိုလိုရင်းအဓိပ္ပာယ် မပေါ်ပါဘုရား။

- ဟုတ်ပြီ။ တောရကျောင်းမှာ မီးဖိုပြီး ချက်ပြုတ် စားသောက်တဲ့ရဟန်းလည်း မွဲတယ်တဲ့၊ သပိတ်လက်ဆွဲပြီး အိမ်ရှေ့တွေမှာ ဆွမ်းခံစားရတဲ့ရဟန်းကလည်း ဆင်းရဲတယ်တဲ့ ဦးဇင်း။ ဘာကြောင့်လဲဆိုရင် တောရကျောင်းမှာ မီးဖိုပြီး ချက်ပြုတ်နေမှတော့ ဆီလိုတယ်၊ ဆားလိုတယ်၊ ဆန်လိုတယ်။ ဆန်၊ ဆီ၊ ဆားရှိပြန်တော့ ဟင်းချက်စရာ လိုပြန်တယ်။ ကြက်သွန်လိုပြန်တယ်။ချင်းလိုပြန်တယ်။ ဒါကြောင့် အိမ်ထောင်ရှင်တစ်ယောက်ပမာ အမျိုးမျိုး ရှာဖွေဖြည့်ဆည်းနေရလို့ ဆင်းရဲတာပါဦးဇင်း။

-နားလည်ပါပြီဘုရား။ သပိတ်လက်ဆွဲ၊ ရဟန်းမွဲ’ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း အကျယ်သိပါရစေဘုရား။

-သပိတ်လက်ဆွဲပြီး အသက်မွေးရတဲ့ ရဟန်းဘဝလည်း မွဲတာပဲလေ ဦးဇင်း။ သို့သော် နဘူးကျင်းဆရာတော်ကြီး မိန့်ကြားတော်မူလိုတာက မွဲတာချင်း တူတူ သပိတ်လက်ဆွဲတဲ့ရဟန်းက ပိုချမ်းသာတယ်တဲ့ဘုရား။

-နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ်ဘုရား။

-ဒီနေ့တော်ကြစို့။ ဆွမ်းခံထွက်ရဦးမယ် ဦးဇင်း။

-မှန်ပါဘုရား။
No comments:
Post a Comment