Sunday, March 19, 2023

သိကောင်းစရာဓူတင်သာသနာ အပိုင်း (၁၄)

 



သိကောင်းစရာဓူတင်သာသနာ

အပိုင်း (၁၄)

ကမ္မဋ္ဌာန်းတိုးတက်လည်းဓူတင်ဆောင်ပါ၊ မတိုးတက်လည်း
ဓူတင်ဆောင်ပါ၊
*************
{🙏=MA ဦးဇင်း
🏳️=ဆရာတော်}
🙏-ဓူတင်ကို ရဟန်းတိုင်း အားလုံးကျင့်ရမှာပါလားဘုရား။ တပည့်တော် လျှောက် ထားလိုတာက ဓူတင်က ခက်ခဲပင်ပန်းတော့ ရဟန်းတိုင်း မကျင့်နိုင်လောက် ဘူးထင်လို့ပါဘုရား။
🏳️-မိလိန္ဒမင်းကြီးရဲ့ အမေးကို အရှင်နာဂသိန် ဖြေကြားတော်မူတာ ပြောပြ မယ်လေ။
“မင်းမြတ် တစ်ဆယ့်သုံးပါးကုန်သော ဓူတင်အကျင့်ကို မကျင့်ဖူးသူ တို့အား သစ္စာတရားကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်နိုင်တဲ့ ဦးဇင်း။ *၁
🙏-ဘဝသံသရာလွတ်မြောက်ရေးအတွက် ဓူတင် ဒီမျှအရေးကြီးတာကို အခုမှပဲ သိရပါတော့တယ်ဘုရား။
🏳️- ဟုတ်ပြီ။ အရှင်နာဂသိန်က ဥပမာ ပေးတော်မူပါသေးတယ်။
“ရေမလောင်း ပါက မျိုးစေ့
မပေါက်ရောက် နိုင်သလို ဓုတင်အကျင့်ကို မကျင့်ဖူးသူတို့အား သစ္စာတရားကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်”တဲ့။*၂
🙏-မှတ်သားထားပါ့မယ်ဘုရား။
🏳️-အကြောင်းအရာတစ်ခု သတိရလို့ ပြောပြဦးမယ်နော်။ ဘုရားရှင်က
“ဥပသေန သင်၏ ဤပရိသတ်သည် ကြည်ညိုဖွယ် ရှိပေစွတကား။
ဥပသေန သင်သည် အသို့လျှင် ပရိသတ်ကို ဆုံးမသနည်း' လို့
ဥပသေနထေရ်ကို မေးတော်မူ
ဖူးတယ်။
🙏-မှန်ပါဘုရား။
🏳️-အရှင်ဥပသေန ဖြေကြားတော်မူတာ သိပ်မှတ်သားစရာကောင်းတယ် ဦးဇင်း။
“အသျှင်ဘုရား ရဟန်းတစ်ပါးပါးက တပည့်တော်ဆီကိုလာပြီး ရဟန်းအဖြစ် တောင်းမယ်။ ဒါမှမဟုတ် နိဿရည်းတောင်းလာရင် ဘုရားတပည့်တော်က သူ့ကို အခုလို သတိပေးစကား ပြောပါတယ်ဘုရား ‘ငါ့သျှင် ငါသည်
အာရညကင်ဓူတင်ဆောက်တည်၏။ ပိဏ္ဍပါတ်ဓူတင် ဆောက်တည်၏။
ပံသုကူဓူတင် ဆောက်တည်၏။
တိစီဝရိက်ဓူတင် ဆောက်တည်၏၊ သင်သည်လည်း အကယ်၍
အာရညကင်ဓူတင် ဆောက်တည်အံ့၊ ပိဏ္ဍပါတ်ဓူတင် ဆောက် တည်အံ့၊
ပံသုကူဓူတင် ဆောက်တည်အံ့၊
တိစီဝရိက်ဓူတင် ဆောက်တည်အံ့၊ ဤသို့ ဆောက်တည်ခဲ့သော် ငါသည် သင့်ကို ရှင်ရဟန်း ပြုပေးအံ့၊ နိဿရည်း ပေးအံ့'လို့ ပြောပါတယ်ဘုရား။ သူက တပည့်တော်ရဲ့ စကားကို ကြားရလို့ နှစ်သက်ကျေနပ်ခဲ့ရင် ရှင်ရဟန်းပြုပေးပါတယ်။ နိဿရည်းပေးပါတယ်ဘုရား။ သူ မနှစ်သက် မကျေနပ်ခဲ့ရင်တော့ သူ့ကို ရှင်ရဟန်းပြုမပေးပါ၊ နိဿရည်း လည်း မပေးပါဘုရား'လို့ လျှောက်ပါတယ်။ ဘုရားရှင်ကလည်း သာဓု ခေါ်တော်မူပါတယ်။*1
🙏-သာဓုပါဘုရား။ သာဓု၊ သာဓု။
🏳️-နောက်ပြီး သေဝိတဗ္ဗဓုတင်၊ အသေသိတဗ္ဗဓုတင် ဆိုပြီး ရှိသေးတယ်။
🙏-ပြည့်ပြည့်စုံစုံ သိပါရစေဘုရား။
🏳️-ကောင်းပါပြီ။ ဓူတင်ကျင့်တဲ့အတွက် ကမ္မဋ္ဌာန်းတိုးပွားတဲ့ ရဟန်းက ဓူတင် ကျင့်ကို ကျင့်ရမယ်တဲ့
ဦးဇင်း။ ဓူတင်ကျင့်လို့ ကမ္မဋ္ဌာန်း ဆုတ်ယုတ်တဲ့ ရဟန်းက ဓူတင်ကို
မကျင့်ရဘူးတဲ့။
🙏-ဓူတင်ကျင့်သည်ဖြစ်စေ၊
မကျင့်သည်ဖြစ်စေ ကမ္မဋ္ဌာန်းတိုးပွားတဲ့ ရဟန်း အတွက်ဆိုရင် ဘယ်လိုများ လုပ်ရပါသလဲဘုရား။
🏳️-ဟုတ်ပြီ၊ ဓူတင်ကျင့်သည်ဖြစ်စေ၊ မကျင့်သည်ဖြစ်စေ ကမ္မဋ္ဌာန်းတိုးပွားတဲ့ ပုဂ္ဂိုလ်ထူးဖြစ်နေရင် “နောင်လာသူတို့ အတုယူ လိုက်နိုင်ကြပါစေ” ဆိုပြီး ချီးမြှင့်တဲ့စိတ်နဲ့ ဓူတင်ကို ကျင့်ရပါမယ်တဲ့ဘုရား။ နောက်တစ်ခု ရှိသေးတယ်။ ဓူတင်ကျင့်သော်လည်း ကမ္မဋ္ဌာန်း မတိုးပွားဘူး။ ဓူတင်မကျင့်သော်လည်း ကမ္မဋ္ဌာန်းမတိုးပွားတဲ့ရဟန်းက နောင်အခါ ဝါသနာထုံဖို့၊ ပါရမီဖြစ်ဖို့ ဓူတင် ကျင့်ရပါမယ်တဲ့ ဦးဇင်း။*2
ကျမ်းညွှန်း
*၁။ (၂) ဓုတင်္ဂပဥ၊ အနုမာနဝဂ္ဂ၊
မိလိန္ဒပဉှာပါဠိ (နှာ-၃၃၄)
*၂။ (၂) ဓုတင်္ဂပဥ္စ၊ အနုမာနဝဂ္ဂ၊
မိလိန္ဒပဉှာပါဠိ (နှာ-၃၃၄)
*1 ။ (၅၆၅) နိသီဒနသန်တတသိက်ခာ
ပဒ၊ ကောသိယဝဂ္ဂ၊ ပါရာဇိကပါဠိ (နှာ-၃၃၈)
*2 ။ (၃၇) ဓုတင်္ဂပကိဏ္ဏကကထာ၊
ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ - ပထမတွဲ (နှာ-၇၉)
အရှင်ခေမာနန္ဒ
(ရန်ကင်းတောရ သပြေပင်)
ထပ်ဆင့်ဖြန့်ဝေသူ
အရှင်နန္ဒသိရီ

No comments:

Post a Comment

                                                                                                                                            ...