******ကပ်ကျော် ဇော ၇ ကြိမ် အကျိုးပေးပုံ
(25.10.1961)
ဝိပဿနာကြိုးစားအားထုတ်သူမှာ ပစ္စုပ္ပန်
သံသရာနှစ်ဖျာအကျိုးပေးတယ်
မိမိအခုဖြစ်နေတဲ့စိတ်ကလေးကို
ကြည့်လိုက်
လောဘစိတ်ဖြစ်ဖြစ် ဒေါသစိတ်ဖြစ်ဖြစ်
မောဟစိတ်ပဲဖြစ်ဖြစ် ဝိစိကိစ္စ
သံသရစိတ်ပဲဖြစ်ဖြစ် ပြန့်လွင့်တဲ့စိတ်ပဲဖြစ်ဖြစ် ဒီစိတ်လေးဟာဖြစ်ပြီး ပျက်တာပဲလို့ မဂ္ဂင်ကသိတယ်
မဂ္ဂင်က ဘယ်နှစ်ခါသိလဲဆိုရင်
၇ခါသိတယ်
ဖြစ်ပျက်ကိုတခါရှုလိုက်လို့ရှိရင်
သိတဲ့စိတ် ၇ကြိမ် ဖြစ်တယ်လို့မှတ်။ ဘယ်စိတ်ကိုရှုရှု
ဇော၇ကြိမ်ဖြစ်တယ်လို့မှတ်
ဖြစ်တာပျက်တာလေးတခါရှုရင် ဝိပဿနာမဂ်ဇော ၇ကြိမ်ဖြစ်တော့ ဖြစ်ပျက်ကို ၇ခါသိတာပေါ့။
အကျိုးပေးကို ပြောရရင်
ရှုတဲ့စိတ်ထဲမှာ မဂ္ဂင်ငါးပါးပါတယ် စေတနာလည်းပါတယ်
စေတနာက ဒီဘဝအကျိုးပေးရမယ်
၇ရက် ၇လ ၇နှစ်အတွင်းအကျိုးပေးမယ်မဂ္ဂင်ကအကျိုးပေးမှာဆိုသောကြောင့် ကောင်းကျိုးချမ်းသာပေးလိမ့်မယ်လို့မှတ်ပါ။ ဒီဝိပဿနာအလုပ်က လျှင်လျှင်မြန်မြန် အကျိုးပေးတဲ့အလုပ်ဗျ။
ဒါဖြင့် ဒိဋ္ဌဓမ္မ
အကျိုးပေးတာ ပထမဇောပဲ။
ကုသိုလ်တကာကုသိုလ်ထဲမှာ အမြတ်ဆုံးပဲ
ဝိပဿနာပထမဇောက ဒါနကုသိုလ်ပထမဇောထက်လည်း
မြတ်တယ် သီလကုသိုလ် ပထမဇောထက်လည်း မြတ်တယ် သမထကုသိုလ် ပထမဇောထက်လည်း မြတ်တယ်
အားလုံးထက်မှာ အမြတ်ဆုံးဆိုတော့
အကျိုးပေးကလည်းကလည်း ဝိပဿနာပထမဇောက အသာဆုံးပဲ ကောင်းကျိုးချမ်းသာပေးတဲ့နေရာမှာ။ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားက ဝိပဿနာကြပ်ကြပ်ရှုလို တိုက်တွန်းနေရတာ။
ပထမဇောက ဖြစ်ပျက်ကိုအရင်ဆုံးမြင်တယ်
သူချုပ်ပြီး ဒုတိယဇောကထပ်မြင်
ချုပ် တတိယဇာက ထပ်မြင် စတုတ္တဇောက ထပ်မြင် ချုပ်
ပဉ္စမဇောကထပ်မြင် ချုပ် ဆဋ္ဌမဇောကထပ်မြင်
ချုပ် သတ္တမဇောက
ထပ်မြင်တယ် ဆိုတော့
ကျုပ်တို့မှာ ဝိပဿနာရှုတဲ့စိတ်ကုန်သွားတယ်
ဒါဖြင့် ပထမဇောသည်
ဝိပဿနာရှုမှတ်နေသူကို
ပစ္စုပ္ပန်အကြောင်းခြင်း တိုက်ဆိုင်လို့ ပေါ်လာမဲ့
ကပ်မျိုးကိုလဲ ပထမဇောက အကျိုးပေးလိုက်တဲ့အတွက် ကာကွယ်ရေးရတယ် ဒိုင်းကာရတယ်ပေါ့ အကာအကွယ်မရှိသူတွေကတော့ မလွယ်
ဒကာဒကာမတို့ ယခု အမျိုးမျိုးအဖုံဖုံ
တုတ်ကွေးရောဂါ အစရှိသဖြင့်
ကပ်တွေက အမျိုးမျိုး စစ်ဘေး စစ်အန္တရာယ် သူခိုး ဓါးမြ
ဘေးအဖုံဖုံကို ဝိပဿနာ ပထမဇောက အကာအကွယ်ပေးတယ်။အမျိုးမျိုးသော ဘေးအန္တရာယ်တွေကို ယခုဘဝမှာကာကွယ်ပေးမှာ ဝိပဿနာပထမဇောပဲ
အမျိုးမျိုးသောကပ်တွေ အန္တရာယ်တွေ
ကြောက်စရာလန့်စရာတွေ လာခဲ့လို့ ဒကာဒကာမတို့ ကြုံလို့ရှိရင် ဝိပဿနာပထမဇောက လက်နက်ကောင်းပဲ။
ဒီပထမဇောက သာမညမဟုတ်ဘူးနော်
အလွန်အကျိုးပေးလို့ "ဒိဋ္ဌဓမ္မဝေဒနိယကံ"လို့
ခေါ်တယ်
ထိုကံသည် ကျုပ်တို့ဝိပဿနာ၏
အန္တရာယ်ကိုလဲ ကာကွယ်တယ် ကြောက်စရာ လန့်စရာတွေ
ပြောသံကြားဆိုသံကြား အမျိုးမျိုးအဖုံဖုံပေါ့ဗျာ
အဲဒါတွေကို ကုသိုလ် ဝိပဿနာပထမဇော မရှိတဲ့ပုဂ္ဂိုလ်မှာ မကာကွယ်နိုင်ဘူး ဝင်လာမှာပဲ
ဝိပဿနာပထမဇောရှိတဲ့ပုဂ္ဂိုလ်ထံကျတော့
မဝင်လာနိုင်ဘူး။
ဒါဖြင့် ဒကာဒကာမတို့
ဒီအလုပ်ကိုကြိုးစားပြီးလုပ်ရမယ် ဒီပထမဇောသည် ဒကာဒကာမတို့၏
ကုသိုလ် ပထမဇောဖြစ်နေသောကြောင့်
ကိုးစားရာ အားထားရာ အစစ် ဆိုတာ ပေါ်ပြီလား
ဒီပထမဇောက ဘယ့်နှယ်ကြောင့်
သူက ကပ်တွေကျော်အောင် ကျေးဇူးပြုနိုင်ရတာလဲ ဆိုတော့ သတ္တိထက်လို့ပဲလို့ အဖြေအကြမ်းပေးပါတယ်
ဒကာဒကာမတို့က နောက်ဘဝတွေတုန်းက
ဒီလို သာသနာတွင်းကလဲ ကြုံပုံမရ ကိုယ်ပြုထားတဲ့
အကုသိုလ်ကံ အလယ်ဇောငါးချက်က
လိုက်နေတယ်။အပရာပရိယဆိုတဲ့ အလယ်ဇောငါးချက်အကုသိုလ်ကံတွေ နောက်က လိုက်နေတယ်။
ဥပမာ သူပုန်ထတယ်
ကြောက်နေရတယ် အရင်ဘဝတွေက ပြုထားတဲ့ အကုသိုလ်ကံ အလယ်ဇောငါးချက်က အကျိုးပေးမလို့ လိုက်နေတာ
မင်းတို့စီးပွားပျက်အောင် လူသေအောင် ရောဂါထူအောင် ဘဝများစွာက ပြုထားတဲ့
အပရာပရိယတွေက လိုက်နေတာ
အဲဒါကျုပ်တို့က ဘာနဲ့တားမတုံး ဆိုတဲ့ မေးခွန်းလိုလာပြီ
လိုက်နေတာသေချာလား မသေချာလား
အခုကောင်းသတင်းရယ်လို့ ကြားရတာနည်းတယ်
သတ်သံ ဖြတ်သံ ခိုးသံ ဝှတ်သံ တိုက်သံ
သေ သံ တွေပဲ အမျိုးမျိုး အဖုံဖုံ ကပ်ကြီးက
ဝိုင်းနေတယ်ဆိုတာ သိကြပါမယ်
ဘဝပေါင်းများစွာကလုပ်ခဲ့တဲ့ အကုသိုလ်ကံ အလယ်ဇောငါးချက်က နိဗ္ဗာန်ရတဲ့ ဘဝအထိလိုက်တယ်။ ကံလိုက်နေရင် ကံနဲ့တားရမယ်
ကံနဲ့လာတာကို ကံနဲ့တားမှရမယ်
ဆိုလို့ရှိရင်ဖြင့်
ဒကာဒကာမတို့ ဝိပဿနာရှုတဲ့အခါမှာ
ဖြစ်ပျက်မြင်ရင် မဂ္ဂင်ငါးပါး ပါမယ် ရှုချင်တဲ့ စေတနာ ပါမယ် ကံလည်းပါ ဉာဏ်လည်းပါပေါ့
ကံက သဟာဇာတအဖြစ်နဲ့
ပါတယ် ဉာဏ်ကတော့ ဖြစ်ပျက်မြင်သောကြောင့် သူ့ရဲ့သတ္တိပဲ
ဒါဖြင့် ဝိပဿနာပထမဇောထဲ
ပါတဲ့ ကံတွေ ဉာဏ်တွေက ခင်ဗျားတို့နောက်ကို လိုက်နေတဲ့
အကုသိုလ်ကံတွေကို တားမယ်
အရင်ဘဝပေါင်းများစွာက အကုသိုလ်ကံ
အလယ်ဇောငါးချက်က လိုက်နေတော့
ဗုံးတွေဘာတွေကျတုန်းကဆိုရင် ကိုယ့်အိမ် ကိုယ့်ယာ ပစ်ပြီးပြေးရတယ် အခုမငြိမ်းချမ်းတဲ့နေရာတွေကလူတွေဟာ အကုသိုလ် အလယ်ဇောငါးချက်က ဒုက္ခပေးနေတာ အရင်ဘဝဘဝတွေက ကံတွေက ဘဝပျက်အောင် အကျိုးပေးနေတာ။ ဒီဝိပဿနာပထမဇောဖြစ်အောင်မလုပ်လို့ ရှိရင်ဖြင့် လိုက်လာတဲ့ကံတွေက ထင်သလို
အကျိုးပေးလိမ့်မယ်။ ဝိပဿနာပထမဇောလုပ်ရင်
သူကတားမယ်။သူကကုသိုလ်ကို
ကုသိုလ်ဆိုတာအကုသိုလ်ကို ဖြတ်တယ်
လိုက်လာတဲ့အကုသိုလ်တွေ ကို မင်းမလာခဲ့နဲ့ ဆိုပြီး ဖြတ်ပစ်လိုက်တယ်။
အဲ့တော့ သူကဖြတ်ပေးမှာ
ဧကန်သိရဲ့သားနဲ့
ကျုပ်တို့က လက်နက်ကောင်းကို
ကိုယ့်လက်ထဲ ကိုယ့်ဉာဏ်ထဲ ကိုယ့်ဝမ်းထဲ မထားဘူးဆိုလို့ရှိရင် နောက်က လိုက်လာတဲ့ကံ ထင်သလိုစီမံရာခံရမယ်။ ဘယ့်နယ်ကြောင့် ထင်သလိုစီမံနေကြတာလဲဆိုတော့ အတားအဆီးမရှိသော ထင်သလိုဝင်နေတယ်။
ဒီတော့ ဝိပဿနာပထမဇောကို
ကိုးစား အားထားပြုကြဆိုတာ ခင်ဗျားတို့ လုပ်မှရမယ့်
အလုပ် မလုပ်လို့ရှရင်
ဒီဇော ပေါ်ကိုမပေါ်ဘူး
ပေါ်လာလို့ရှိရင်လဲ ဒါနကုသိုလ်ထက်
သူကထက်တယ် သီလကုသိုလ်ထက်လဲ ထက်တယ် သမထကုသိုလ်ထက်လဲ ထက်တယ် သူက အားလုံးထဲ အထက်ဆုံးကုသိုလ်လေ။
ကောင်းပြီး ဒါဖြင့် ခင်ဗျားတို့ ကျွန်နော်တို့ ဘယ်လို့နေကြ ထိုင်ကြမလဲလို့ မေးခွန်းထုတ်ရင်ဖြင့်
ဝိပဿနာရှုရမယ်လို့ ပြောလိုက်တာပဲ
ဝိပဿနာရှုရင် ဒီဇောက စတာပဲ ဒီဇောမပါပဲလဲရှုမရဘူး
ပထမဇောက အကုသိုလ်ကိုဖြတ်ပြီး
ကောင်းကျိုးတွေပေးတယ် သူက ဒီဘဝမှာ အကျိုးပေးမဲ့တရားဖြစ်လေသောကြောင့် လူကောင် နတ်ကောင်ဖြစ်အောင်မလုပ်ဘူး
ကပ်သုံးပါးကျော်လွှားနိုင်အောင်လုပ်မယ်
စီးပွားဥစ္စာရတနာတို့ ဖွံ့ဖြိုးအောင်လုပ်မယ်
ဒါပဲ သူကတတ်နိုင်တယ်
ဒုတိယဘဝမှာ မင်းအကျိုးပေးစမ်းပါဆိုလို့ သူမပေးနိုင်ဘူး။
ဒုတိယဘဝက ဝိပဿနာသတ္တမဇောပဲ
အကျိုးပေးနိုင်တာလေ။အလယ်ဇောငါးချက်ကတော့ တတိယဘဝကစပြီး နိဗ္ဗာန် မရောက်မချင်းအကျိုးပေးတယ်။ သူ့စခန်းနဲ့သူဆိုတာ
သဗ္ဗေညုတရွှေဉာဏ်တော်နဲ့ပြောထားတာ
သူ့အကျိုးပေးကို ဘုရားမှသိတာကိုးဗျ
ကျုပ်တို့ကအခု ဘုရားရဲ့တပည့်သားတွေဖြစ်နေလို့ ဒီဟာအားကိုးကျဆိုပြီး ဘုရားဟောတဲ့အတိုင်း ဟောရတာ။
ကုစ္ဆိတေ=စက်စုပ်ဘွယ်ရာဖြစ်ကုန်သော
ပါပကေ=ယုတ်မာကုန်သော
ဓမ္မေ=နောက်ကလိုက်လာတဲ့
အကုသိုလ်တရား
တို့ကို
ဆိန္ဒန္တိ=ဒီပထမဇောက
ဖြတ်တတ်၏
နောက်ကလိုက်လာတဲ့ဟာတွေ မလာခဲ့နဲ့ကွ
သူကဖြတ်တတ်တယ် ရှင်းပြီလား
ဒါဖြင့် သူကိုပဲ ကျုပ်တို့က ကိုးစားရာ အားထားရာအစစ် လုပ်ရတော့မယ်ဆိုတာဖြင့် ယနေ့
မှတ်ရမှာပဲ
အကုသိုလ်တွေ နောက်က ရှိသလား မရှိဘူးလား
လို့ မမေးနဲ့ လူတိုင်းရှိတယ်နော်
အင်္ဂုလိမာလ ခိုးသူကြီး
ဒီဝိပဿနာဇောတွေကြောင့် နောက်ကလိုက်လာတဲ့ကံတွေ ဖြတ်ချပြီး
ရဟန္တာဖြစ်တယ်။ နောက်ကလိုက်လာတဲ့ကံတွေ
မနည်းဘူးနော် မဂ်နဲ့တားလိုက်တာ။ ယခုဘဝကလဲလူမိုက် အတိတ်ဘဝကလဲ လူမိုက်ချည်းပဲ
အဲ့လူမိုက်ကံတွေလဲ ယခုရတဲ့မဂ်က
ဖြတ်ချလိုက်တယ်
ဒါဖြင့် ဒီလိုပုဂ္ဂိုလ်တွေထောက်လိုက်လို့ရှိရင်ဖြင့်
တို့လည်း ကိုးစားရာ
အားထားရာ လက်ကိုင်အစစ် တွေ့ပြီလို့ ဆုံးဖြတ်ချက်ချ။
ဒါဖြင့်ဘုရား အခုကပ်ကြီးထဲမှာ
ကြုံနေသူတွေ
သေချင်းဆိုးသေ၊သေနတ်နဲ့အပစ်ခံရလို့သေ၊
ဓါးထိုး လှံထိုး သေကြေ နေကြ တာတွေ အမျိုးမျိုးသေနေတာ ဘယ်သဘောတုံး လို့ မေးတဲ့အခါကျတော့?
အခုကပ်ကြီးထဲမှာ ကြုံနေသူတွေ
သေချင်းဆိုးသေ၊သေနတ်နဲ့အပစ်ခံရလို့သေ၊
ဓါးထိုး လှံထိုး သေကြေ နေကြ တာတွေ အမျိုးမျိုးသေနေတာ ဘယ်သဘောတုံး လို့ မေးတဲ့အခါကျတော့?
ဇော၇ကြိမ်ရှိတဲ့အနက် သူ့နောက်က
အပရာပရိယကံတွေကလိုက်လာ ဒီဘဝမှာ
စိတ်ထားကလဲမကောင်း မကောင်းတဲ့သူ့စိတ်ဟာ
ဇော၇ကြိမ်စောမယ် မကောင်းတဲ့ဇောတွေပေါ့ဗျာ ဒေါသဇော လောဘဇော အဲ့ဒီ ပထမဇောကနေပြီး လိုက်လာတဲ့ကံတွေကို တခါတည်းအားပေးလိုက်တယ်
မကောင်းမကောင်းခြင်း အားပေးတဲ့အတွက်
သေချင်းဆိုးသေရတယ်
အချို့သေချင်းဆိုးသေကြတာသည် ဒီဘဝကံကလည်း ကူညီလိုက်တယ် နောက်က ကံတွေကလဲ အကျိုးပေးလိုက်တယ်
အဲဒါ အကုသိုလ်
အကုသိုလ်ခြင်း ကူလိုက်တာ
တားမဲ့ကုသိုလ်က မလာနိုင်ဘူး
ဒါဖြင့် အကျိုးပေးတာသည်
ဒီဘဝပြုတဲ့ကံက
အကူအညီ နောက်ဘဝလုပ်ခဲ့တဲ့ကံက
တကယ်အကျိုးပေးတာ
ပုဂ္ဂိုလ်တယောက်သည် အရင်ဘဝတွေက
အကုသိုလ်ကံတွေက လိုက်လာတယ်
ဒီဘဝ အကုသိုလ်ကံ
ပထမဇောကလည်း
ကူညီလိုက်မယ်ဆိုရင် ဒီပုဂ္ဂိုလ်
မကြာတော့ဘူး
အကုသိုလ်အကျိုးပေး လာလိမ့်မယ်
အကုသိုလ်ကံတော့ လူတိုင်းရှိကြတာပဲ
ဦးလှဘူး
တစ်ယောက်မေးကြည့်မယ် ဥပမာမယ်
" စစ်ထဲမှာနေရတာ
ကြာပြီ ဂျပန်အုပ်ချုပ်တာ ၃နှစ် ဆင်းဆင်းရဲရဲ
နောက်အင်္ဂလိပ်ပြန်အုပ်ချုပ်
မကောင်းတကောင်းနဲ့တော်တော်ကြာ လွတ်လပ်ရေးရပြီးလည်း မကောင်းတာနဲ့နေရတယ် "
ဒါဟာ အရင်ဘဝတွေက
အကုသိုလ်ကံတွေရဲ့
အကျိုးပေးတွေလေ ခင်ဗျားတို့
စစ်ကြီးမှာ
အသက်မသေပဲ ရှင်ပြီးသကာလ
နေရတာဟာ
ခင်ဗျားတို့မှာ ထိုက်တန်သလောက်ကုသိုလ်လေး
ရှိနေလို့ အဲဒါလေးက
ကူထားတာ
ဒီတော့ အဲ့ထက်ကြီးတဲ့
ကံကြီးတခုကို ဘုန်းကြီးက ပေးမယ် ဒီထက်အကြီးဆုံးကံကြီးဆိုတာ
မဂ်ဇောပေးမလို့ မဂ်ဇောဆိုတာက
ခင်ဗျားတို့အတွက် အကူအညီ များများရလိမ့်မယ်။
အတ္တာဟိ အတ္တနော နာထော ဆိုတဲ့ ဒီကိုယ်ကြီးကို အားထားရတာ မဟုတ်ပါဘူး
"အတ္တာဟိ အတ္တနော နာထောတိ=မိမိပြုထားတဲ့ ကုသိုလ်ကိုသာ အားကိုးရမယ်လို့ ဘုရားက
သေချာဟောတယ်"
ဒီဇောက အလိုလိုမလာဘူးနော်
ဝိပဿနာရှုမှ လာမှာ
ဒါဖြင့် ဝိပဿနာရှုနေတဲ့
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှာဖြင့် ဘယ်လိုပဲ နောက်က အကြောင်းညီညွတ်နေတဲ့ ကံတွေလာပစေ သူကတားတယ်
အေး...တားမှာသေချာသိရက်နဲ့
ခင်ဗျားတို့က အကာအကွယ်မယူရင် ကိုယ့်ကိုယ်ကို မသနားတဲ့
ပုဂ္ဂိုလ်ရဲ့အပြစ်ပဲ
ဒီဝိပဿနာခေတ်ကောင်းကြီးကို အလွဲသုံးစားလုပ်တယ်ဆိုတဲ့အပြစ်လဲသင့်ရမှာပဲ
ဒီဥစ္စာတော်တော်အရေးကြီးလို့ပြောနေတာ
ဒါကိုခဏရပ်လိုက်ပါ ခင်ဗျားတို့
အရေးကြီးတဲ့အခါ ပရိတ်ရွက်ကြတယ်
ရာဇတောဝါ စောရတောဝါ
မနုဿတောဝါ
ရွက်ကြတာ မရတဲ့ပုဂ္ဂိုလ်တော်တော်ရှား
အဲ့ထဲမှာ အသဒ္ဓမ္မတောဝါဆိုတာပါတယ်
မသူတော်တရားဘေးမှလည်းကောင်းတဲ့
မသူတော်တရားဆိုတာ ကိုယ့်ဝမ်းထဲမှာ
သူတပါးပစ္စည်းကို မတရားလိုချင်၊ဘယ်သူသေတာကြိုတ်တယ်၊ဘယ်သူ့ဘက်ကနိုင်တာ ကြိုက်တယ် ဘယ်သူ့ကို ခင်လို့ မုန်းလို့ ဒါမသူတော်စိတ် ဝမ်းထဲရှိတာပဲ
ဘုရားမှာတော့ ဒီဘေးကင်းရပါလို၏
ဆိုပေမဲ့
မသူတော်စိတ်က ကိုယ့်ဝမ်းထဲရောက်နေသော
ရာဇတောဝါ၊စောရတောဝါ၊မနုဿတောဝါ၊အမနုဿတောဝါ၊ အဂ္ဂိတောဝါ၊ဥဒကတောဝါနဲ့ ဘုရားမှာတော့ ဒီဘေးကင်းရပါလို၏ ဆုတောင်းတယ် ဆိုပေမဲ့ မသူတော်စိတ်က ကိုယ့်ဝမ်းထဲရောက်နေသော ဘေးကင်းရပါလို၏ ဆုတောင်းတာက အမှားဖြစ်နေတယ် မိမိဝမ်းထဲရောက်နေတဲ့ အသဒ္ဓမ္မတောဝါ မသူတော်တရား ဆိုးဝါးတဲ့တရား ဝမ်းထဲထားပြီး ဆုတောင်းနေ သူ့ဘေးမှ
လွတ်ရပါလို့၏တဲ့
ပြီးတော့ အသန္ဒိဋ္ဌိတောဝါ
အမြင်မှားတဲ့ဘေးမှ
လည်းကောင်း အမြင်မှားဆိုတာက
ခင်ဗျားတို့
ခန္ဓာကြီးက အနိစ္စကြီး
ဒုက္ခကြီး အနတ္တကြီး
အသုဘကြီး အဲ့ဒါကိုတခါထဲ
မုန်းစရာဖြစ်လာရင် အမြင်မှန်ပြီ ခင်စရာဆိုရင် အမြင်မှားပြီ
အဲဒီအမြင်မှားတဲ့ဘေးကလည်း ဝမ်းထဲရောက်နေပြန်လို့ရှိရင် ခတ်တယ် ဒီနှစ်ခုကို မူတည်ပြီး ပြောပါမယ်ဒကာဒကာမတို့ ဝမ်းထဲမှာ မကြာမကြာ ရှိနေတာက အသဒ္ဓမ္မတောဝါ မသူတော်တရားနဲ့ အသန္ဒိဋ္ဌိတောဝါ ဆိုတဲ့ လူကောင် နတ်ကောင် ထင်နေတဲ့ အမြင်မှားတဲ့တရား
အသဒ္ဓမ္မတောဝါ မသူတော်တရားဆိုတာ
ဒုစရိုက်ဆယ်ပါးတွေပေါ့ဗျာ
အသန္ဒိဋ္ဌိတောဝါ အမြင်မှားဆိုတာက
ဒကာဒကာမတို့ ဖြစ်ပျက်ရှိရက်နဲ့ ဖြစ်ပျက်ကို မမြင်တော့ အမြင်မှားတဲ့ဘေးသင့်နေကြတာပေါ့
မသူတော်တရားဘေးနဲ့ အမြင်မှားတဲ့ဘေး
ခက်ဗျားတို့ဝမ်းထဲ ရှိနေမယ်ဆိုရင် သံလိုက် လို့ ဘုန်းကြီးဟောရမှာပဲ သံလိုက် ဆိုတာ ဆွဲတတ်တယ်။ခင်ဗျားတို့ ဝမ်းထဲ မကောင်းတဲ့ မသူတော်တရားနဲ့အမြင်မှားတဲ့တရားက အကုသိုလ်တရား သံလိုက်တွေပေါ့။ သံလိုက်က ဆွဲနေတော့
သံရိုင်းသံစနဲ့တူတဲ့ ဓါး လှံ သေနတ်တွေက
အဖော်ရှိတဲ့ သံလိုက်ထံ
ဝင်ကပ်တယ်။
သံလိုက်နဲ့တူတဲ့ မသူတော်တရား
အမြင်မှားတဲ့တရားက ဆွဲလို့ လာရတာ။
အဆွဲဓာတ်နဲ့ အလာဓာတ်ဘယ်ဟာကြောက်စရာ
ကောင်းလဲဆိုရင် အဆွဲဓာတ်က
ကြောက်စရာကောင်းပါတယ် ထိုတရားနှစ်ပါးဟာ ဝမ်းထဲမှာ
အမြူတေလို သံလိုက်လို
ရှိနေရင် ငတ်မွတ်ခေါင်းပါးတဲ့ဘေး ၊စီးပွားရေးကျဆင်းတဲ့ဘေး၊ လူမုန်းများတဲ့ဘေး၊ သေနတ်ဘေး၊ဝိုင်းနိုတ်စက်တဲ့ဘေး တွေ သင့်လိမ့်မယ်။
သင့်ချင်လို့သင့်တာလား ဆွဲယူတာလား
ဆိုရင်
သံလိုက်နဲ့တူတဲ့ အကုသိုလ်တရားက
ဆွဲယူနေတာ။
မယုံရင်ခင်ဗျားတို့ကြည့် လူတစ်ယောက်က
ဒေါသကြီးပြီး ဟိုရမ်း ဒီရမ်း ဖြစ်နေလို့ရှိရင်
အရပ်ကဝိုင်းပြီး ဒီကောင်တယ်ဆိုးတဲ့ကောင်
ဝိုင်းရိုက်ကြမယ် ဆိုပြီး အချို့ဇရှိတဲ့နေရာတွေမှာအရိုက်ခံရမယ် အဲ့ဒါ ဒိဋ္ဌဓမ္မအကျိုးပေးတာ
သူ့ ဒေါသဇောက
၇ကြိမ် မှာ ပထမဇောက ဝင်ပြီး အကျိုးပေးတာ
အဲ့ဒါ သူ့သန္တာန်
မသူတော်တရားရှိနေလို့ ဘေးက
မသူတော်တွေက ဝိုင်းဝင်လာတာ။
အသဒ္ဓမ္မတောဝါ အသန္ဒိဋ္ဌိတောဝါက
လာကြ
လာကြ ခေါ်လို့
လာကြတာ
ဒါဖြင့် ဘေးကလူတွေ
ဘေးအန္တရာယ်တွေကို
ကြောက်စရာမလိုဘူး အဆွဲဓာတ်ရှိတဲ့
တရားကိုပဲကြောက်
ဒကာဒကာမတို့ ကပ်ကျော်ချင်လို့ရှိရင်ဖြင့်
အသဒ္ဓမ္မတောဝါ အသန္ဒိဋ္ဌိတောဝါ တရားနှစ်ပါးကို ဖယ်ပါ သံလိုက်ကို ဖယ်လိုက်ရင် သံရိုင်း သံစတွေ မလာတော့ဘူး မဖယ်ရင် လာမယ်
ဒါဖြင့် အပြင်ဘက်ကဟာ
ကြောက်ရမှာလား
အတွင်းကဟာ နှင်ဖို့အရေးကြီးသလား
ပေါ်ပြီ
အတွင်းရန်ကြောက်ကြ ခင်ဗျားတို့က
အကြောက်လွဲနေလို့ ပြောနေရတာ
ဘေးကိုကြောက်ပြီး ဆွဲတဲ့သူကျ
မကြောက်ဘူး
ဆွဲတဲ့သူက ဝမ်းထဲရောက်နေတယ်
သူက ခေါ်
ယူနေတယ်ဆိုတော့ ပရိတ်နဲ့လည်း
တားမရဘူး
အရေးကြီးတာက ဘေးကိုကာကွယ်ဖို့ထက်
သူတို့ကို ဝမ်းထဲက ထုတ်ပစ်ဖို့ အရေးကြီးတယ်
သူတို့က အကုသိုလ်တရားတွေလေ
အသဒ္ဓမ္မ=မသူတော်တရား=ဒုစရိုက်ဆယ်ပါး
အသန္ဒိဋ္ဌိ=အမြင်မှားတဲ့တရား=သက္ကာယဒိဋ္ဌိ
ဒါဖြင့် ဝမ်းထဲ ဒုစရိုက်ဆယ်ပါးနဲ့ မိစ္ဆာဒိဋ္ဌိ
မရှိမှ ဘေးက ကပ်တွေ မလာမှာ
ဘေးဆိုတာက ရန်သူမျိုးငါးပါး
သူတို့ထက်
ကြောက်ရမှာက အတွင်းရန်
၂ပါးကို ကြောက်ရမှာ။
ခင်ဗျားတို့ ဆုတောင်းနေတာက
ရန်သူမျိုးငါးပါး ကင်းရပါလို၏ ဘုရား
အပြင်ကရန် မလာပါစေနဲ့
အတွင်းက ဖြစ်ချင်သလိုဖြစ်ပါရစေ
ဒီလို ဖြစ်နေတယ်
အတွင်းရန်ရှိတာကို ဒကာဒကာမတွေက
မသိသော အတော်လေး အမြင်မှားနေတယ်
ဒါဖြင့် ဒီနေ့တရားမှာ
ခင်ဗျားတို့ အပြင်ရန် အတွင်းရန် ပေါ်ပြီ
ပုဂ္ဂိုလ်တစ်ယောက် သေချင်းဆိုးသေရ
စိတ်ဆင်းရဲ ကိုယ်ဆင်းရဲကြုံရတာ ကံမကောင်း အကြောင်း မသင့်လို့လား အဆွဲဓာတ် မနှင်နိုင်လို့လား ဒါ သတိထားရမယ် ကံမကောင်း အကြောင်းမသင့်လို့ မဟုတ်ဘူး အဆွဲဓာတ် မနှင်နိုင်လို့ မှတ် ခင်ဗျားတို့ ဝမ်းထဲက လက်ခံတတ်တဲ့တရား မနှင်နိုင်လို့
လောကီဥပမာအရပြောရရင် အညှီရှိမှ
ယင်အုံတာ အညှီမရှိရင် ယင်မအုံဘူး
အမှိုက်ပုံထားလို့ ခွေးချေးလာယိုတာကို
ခွေးမိုက်လိုက်တာလို့ မဆိုနဲ့ ကိုယ်အမှိုက်ပုံတာက စ မိုက်တာ
ဒါဖြင့် အမှိုက်ရှိရာ
ခွေးချေးစုတယ်
ကိုယ်သန္တာန်မှာရှိတဲ့ အမှိုက်တွေ
နှင်လိုက်လို့ရှိရင် ခွေးချေးနဲ့တူတဲ့ ရန်သူမျိုးငါးပါး မလာနိုင်ဘူး ခင်ဗျားတို့ကို ကပ်ကျော်တရားဟောနေတာ
ကပ်ဆွဲတဲ့တရားနှစ်ပါးကို နှင်လိုက်
ကပ်ကို မကြောက်နဲ့
ကပ်ဆွဲတရားကို ကြောက်
သဘောပါလား?
ဒကာဒကာမတို့ အဆွဲဓာတ်နှင်ကြပါစို့ဆိုတော့
သူသည် ဟဒယဝတ္တုပေါ်
နေတယ်
ဒါကြောင့် ဝိပဿနာဉာဏ်ဇောကို
ဟဒယဝတ္တုပေါ်မှာ ပေါ်အောင်လုပ်နိုင်ရင်တော့ သူတို့မနေနိုင်ကြတော့ဘူး
ဒကာဒကာမတွေ ကိုယ့်သန္တာန်
ထွက်သက်ဝင်သက် စိတ်ကလေးရှုနေစဥ် လောဘစိတ်လေး
ကြားဖျက်ဝင်လာလည်း သူ့ဖြစ်ပျက်ရှု
စိတ်မချမ်းသာလေး ဝင်လာလည်း
သူ့ဖြစ်ပျက်ရှု သံသယရှိတာလေး ဝင်လာလည်း ဖြစ်ပျက်ရှု
ပြန့်လွင့်လာရင်လည်း ဖြစ်ပျက်ရှု
အိပ်ချင်လာရင်လည်း ဖြစ်ပျက်ရှု
အဲ့ဒီကဲ့သို့ ဖြစ်ပျက်ချည်း
ရှုပစ်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဖြစ်ပျက်ရှုတာသည် မဂ်ပဲ
မဂ်ဆိုတာ ပထမဇော စပေါ်တာပဲ
ပထမဇောက ဟဒယဝတ္တုပေါ်မှာ
သွားပေါ်တယ်
ခုနက မသူတော်တရားတွေလည်း
ဟဒယဝတ္တုပေါ်မှာ ပေါ်နေတယ် အခု ဆရာဘုန်းကြီး ပေးတဲ့နည်းအတိုင်း ဒကာဒကာမတွေ ကိုယ့်စိတ်ကို
ရှုနေလိုက်တဲ့အခါဖြင့် သူတော်တရား
နဲ့
သမ္မာဒိဋ္ဌိ ရောက်လာတယ်
သူတော်တရားဆိုတာ သူတော်ကောင်း
လုပ်တဲ့တရား ဝိပဿနာရှုဆိုတာ သူတော်ကောင်းလုပ်
တဲ့ တရား ဒီထဲ သမ္မာဒိဋ္ဌိပါတယ်
သူတော်တရားနဲ့ သမ္မာဒိဋ္ဌိလာတော့
မသူတော်တရားနဲ့ မိစ္ဆာဒိဋ္ဌိ ပြေးတယ်
ဒါဖြင့် ပရိတ်ရွက်လို့
ပြေးတာမဟုတ် ရှုတဲ့ဉာဏ်
လာလို့ပြေးတာ
ခင်ဗျားတို့ ပရိတ်ရွက်တာက
ဝစီကံ
ဝစီကံနဲ့လာတာ ဝစီကံနဲ့ဖြေရင်ရတယ်
မသူတော်နှစ်ပါးက နဂိုထဲက ဝမ်းထဲ မနောကံနဲ့ နေတဲ့မိစ္ဆာဒိဋ္ဌိ
မနောကံနဲ့လာတာကို မနောကံနဲ့ပဲ
ဖယ်ထုတ်ရတယ် ဒါ သေချာမှတ်
ခင်ဗျားတို့က ညကျ ပရိတ်ရွက် ပဋ္ဌာန်းရွက်နဲ့
ဝမ်းထဲက မနောကံက ပြေးကို မပြေးဘူး
ခင်ဗျားတို့ နေ့ တိုင်းရွက်နေတာ ရာဇတောဝါ စောရတောဝါ" ဥုံ"တွေများ ခံရွက်နေတယ်
ဥုံ ခံတယ်ဆိုတော့
ဘုရားဖျက်တာပဲ
ဒါဖြင့် ဝိပဿနာလုပ်ပြီး
နေကြပါ
နိရောဓသမာပတ် ဝင်စားနေတဲ့
ပုဂ္ဂိုလ်ကို
မီးရှို့ မလောင်ဘူး
ဘေးက ဝိုင်းပြီးမီးရှို့နေပေမဲ့ သူ့မနောကံမှာ အကုသိုလ်အခံ မရှိလို့ ဘေးမလာနိုင်ဘူး ဒါဖြင့် မနောကံကို မနောကံနဲ့ပဲ တိုက်ထုတ်ရတယ်။
ပယောဂသံလိုက်တွေ ဝမ်းထဲမရှိတော့
စုန်း သရဲ သဘက်တို့ လာပူးချင်လည်းမရဘူး ဘာကြောင့်လဲ ဆိုတော့ သူ့ဝမ်းထဲ မနောကံ ပယောဂမရှိလို့
ဒါကြောင့် ဒကာဒကာမတို့
ဝိပဿနာ မနောကံနဲ့ နေကြပါ ဘာမှ ကြောက်လန့်ပြီးမနေကြနဲ့
ဒါပဲအားကိုးရမှာ ရှင်းပြီလား
***တိုင်းရေး ပြည်ရေး ဘာတွေရှုပ်နေရှုပ်နေ
မနောကံကောင်းဖို့ပဲ လိုတယ်***
ဘာစိတ်ပေါ်ပေါ် ဖြစ်ပျက်ရှုတော့
မနောကံနဲ့
ရှုတာ ဖြစ်ပျက်က
ဓမ္မာရုံ မနောကံက မနောဒွါရ
ဓမ္မာရုံကို မနောဒွါရနဲ့ရှုတာ
ဒါဖြင့် မဂ်ဇောက ၇ကြိမ် စောတယ်
ပထမဇောက အခုချိန်ကစပြီး
၇ရက် ၇လ ၇နှစ်
အတွင်းအကျိုးပေးတော့ အချိန်ကာလ
မဆိုင်း
ပဲ အကာလိကော= အခါမလင့်အကျိုးပေးတယ်
ဒါဖြင့် ဒီအလုပ်ပဲ
လုပ်နေရင် နိဗ္ဗာန်လည်းရောက်
ကပ်လည်းကျော်တယ်
ဒီထက်ကောင်းတဲ့အလုပ် မရှိဘူး သဘောပါပြီလား
ထူးထူး
(25.10.1961)မိုးကုတ်ဆရာတော်ကြီးဟောကြားသောတရားမှ ပူဇော်သည်
No comments:
Post a Comment