Sunday, March 19, 2023

သိကောင်းစရာ ဓူတင်သာသနာ အပိုင်း(၁၅)


 သိကောင်းစရာ ဓူတင်သာသနာ

အပိုင်း(၁၅)
*************
စရိုက် နှင့် ဓူတင်
-------------
{🙏=MAဦးဇင်း
🏳️=ဆရာတော်}
🙏-ဓူတင်ကျင့်ဖို့ စရိုက်အားလျော်စွာ ခွဲခြားထားတာများ ရှိပါသလားဘုရား။ ။ 🏳️-ရှိတယ်ဦးဇင်း။ ရာဂစရိုက်၊ မောဟစရိုက် ထူပြောတဲသူ ဓူတင်ကိုကျင့်ရမယ် ဦးဇင်း။ ဘာ့ကြောင့်လဲဆိုရင် ဓူတင်ကျင့်တယ်ဆိုတာ ခြိုးခြံရတယ်။ ရောင့်ရဲ ရတယ်။ သည်းခံရပါတယ်။ ဒါကကို ကိလေသာခေါင်းပါးစေတာပါ။၁
🙏-တပည့်တော် စိတ်ထဲမှာ သေသေချာချာ မရှင်းသေးပါဘုရား။
🏳️-ကောင်းပါပြီ။ ဆင်းရဲ ခြိုးခြံပြီးနေရင် ရာဂငြိမ်းတယ်လေ။ ရပြီနော်။
🙏-မှန်ပါ။ ရပါပြီဘုရား။ တပည့်တော် ရဟန်းဖြစ်လာပြီးနောက် ညစာမစားရတဲ့ အပြင် စားချင်တာလည်း မစားရ၊ ဝတ်ရတာလည်း တစ်ရောင်တည်း ဖြစ်နေပြီး ရွေးချယ်ခွင့်မရှိတော့ လောဘကိလေသာက ခေါင်းမထောင်နိုင်တာ လက်တွေ့ ပါဘုရား။ ရာဂငြိမ်းပါတယ်ဘုရား။
🏳️-ဟုတ်ပြီ။ ဆက်စဉ်းစားကြည့်နော်။ ကိလေသာခေါင်းပါးစေဖို့ မမေ့မလျော့ မပေါ့မဆနေတဲ့သူမှာ မောဟလည်း ငြိမ်းနိုင်တယ်ဦးဇင်း။
🙏- နားလည်ပါပြီဘုရား။
🏳️-ဒေါသစရိုက်ရှိတဲ့သူက အာရညကင်ဓူတင်၊ ရုက္ခမူဓူတင်တို့ကို ကျင့်သင့် တယ်တဲ့။ တောကျောင်းမှာနေရင်၊ သစ်ပင်ရင်းမှာနေရင် အခြားတစ်ဦး တစ်ယောက်နဲ့မှ ပြောဆိုဆက်ဆံစရာမရှိတော့ ဒေါသလည်း ငြိမ်းတာပေါ့ ဦးဇင်။
🙏-မှတ်သားထားပါ့မယ်ဘုရား။ ဓူတင်တစ်ပါးကို ဆောင်တာနဲ့ အခြားအကျိုး များစွာပြီးတာကို သတိပြုမိလာတယ်။ မှန်ပါသလားဘုရား။
🏳️-မှန်ပါတယ်။ ဒီနေရာမှာ ခေါင်းတည်ပဓာန ဓူတင် ၃ ပါးအကြောင်း ပြောပြ ဦးမယ်နော်။
🙏-မှန်ပါဘုရား။
🏳️- သပဒါနစာရိကဓူတင်ကို ဆောင်နိုင်ရင် ပိဏ္ဍပါတ်ဓူတင်ကိုလည်း ဆောင်နိုင် တော့တာပဲလေ ဦးဇင်း။ ပြီးတော့ ဧကာသနိက်ဓူတင်ကိုသာ ဆောင်နိုင်ရင် ပတ္တပိုဏ်ဓူတင်နှင့် ခလုပစ္ဆာဘတ္တိကဓူတင်တို့ကိုလည်း ဆောင်နိုင်တော့တယ် ဘုရား။၂
🙏- အံ့ဩစရာပါဘုရား။ ဓူတင်တစ်ပါးဆောင်ရင် နှစ်ပါး၊ သုံးပါး တစ်ပါတည်း ဆောင်ဖြစ်ဖို့ အကြောင်းပြည့်စုံနိုင်တာပါလား။
🏳️-ပြီးတော့ ရှိသေးတယ်။ အမ္ဘောကာသိကဓူတင်ကို ဆောင်နိုင်ရင် ရုက္ခမူဓူတင်၊
ယထာသန္တတိဓူတင်တို့ကို အထူးကြောင့်ကြစိုက်ပြီး မဆောင်သော်လည်း ဆောင်ပြီး၊ ပြည့်နိုင်ပါတယ်ဦးဇင်း။
🙏-မှန်လှပါဘုရား။ အံ့ဩစရာပါပဲဘုရား။
🏳️- ပံ့သုကူဓူတင်နှင့် တိစီဝရိက်ဓူတင်တို့က သင်္ကန်းနှင့်စပ်တဲ့ ဓူတင် ၂ ပါးနော်၊ သပဒါနစာရိကဓူတင်၊ ဧကာသနိက်ဓူတင်၊ ပတ္တပိုဏ်ဓူတင်၊ ပိဏ္ဍပါတ်ဓူတင် နှင့် ခလုပစ္ဆာဘတ္တိက ဓူတင်တို့က ဆွမ်းနှင့်စပ်လျဉ်းတဲ့ဓူတင် ၅ ပါးဖြစ် ပါတယ်။ ပြီးတော့ ကျောင်းနှင့် စပ်လျဉ်းတဲ့ဓူတင် ၅ ပါးက အာရညကင်ဓူတင်၊ ရုက္ခမူဓူတင်၊ အာမ္ဘောကာသိကဓူတင်၊ သုသာန်ဓူတင်နှင့် ယထာသန္တတိ ဓူတင်တို့ ဖြစ်ပါတယ်ဘုရား။ နိသဇ္ဇီဓူတင်ကတော့ ဝီရိယနဲ့စပ်တဲ့ ဓူတင်ပါ။
🙏-ဓူတင်နဲ့ဆိုင်တဲ့ ဗဟုသုတအများကြီးရလို့ ကျေးဇူးတင်ပါတယ်ဘုရား။ ရဟန်း တစ်ပါးရဲ့ဘဝမှာ ဓူတင်က များစွာ အကျုံးဝင်နေပါတယ်ဘုရား။ နောက်ထပ် သိသင့်တာတွေ ရှိသေးရင်လည်း သိချင်ပါသေးတယ်ဘုရား။ ဓူတင် ၁၃ ပါး စလုံးကို ကျင့်တော်မူတဲ့ အရှင်မြတ်များ ဒီဘက်ခေတ်မှာ ရှိပါသေးသလား ဘုရား။
🏳️- ဓူတင်ဆိုတာ သိုသိုသိပ်သိပ်၊ ကျစ်ကျစ်လျစ်လျစ်နဲ့ လူမသိ သူမသိကျင့် ရတာဆိုတော့ ဘယ်ရဟန်းက ဘယ်လိုကျင့်နေတယ်ဆိုတာကို သိရခက်လှ ပါတယ်ဘုရား။ ဆရာသခင်များရဲ့ အဆုံးအမတစ်ခု သတိရတာလေး ပြောပြ ဦးမယ်နော်။ ကိုယ်တိုင်ကျင့်ပြီး ပြောပြတဲ့ဖြစ်စဉ် ဖြစ်မယ်ထင်ပါတယ်။
🙏-မှန်လှပါဘုရား။ တန်ဖိုးကြီးလှပါတယ်ဘုရား။ ။
🏳️-ဓူတင် ၁၃ ပါးစလုံး အားလုံးကိုကျင့်လိုတဲ့အထိ သဒ္ဓါတရားထက်သန်နေတဲ့ ရဟန်းတစ်ပါးအနေနဲ့ ဘယ်လိုကျင့်နိုင်သလဲဆိုရင် ပထမဦးဆုံးညကို အပိုင်းသုံးပိုင်း ပိုင်းကြည့်ရအောင်နော်။ ညဉ့်ဦးပိုင်း ပုရိမယာမ် ၄ နာရီရှိမယ်။ ပြီးတော့ ညဉ့်နက်သန်းခေါင်ယံ မဇ္ဈိမယာမ်ကလည်း ၄ နာရီရှိမယ်။ ပြီးတော့ နောက်ဆုံး မိုးသောက်ယံ ပစ္ဆိမယာမ်မှာ ၄ နာရီ ရမယ်ဦးဇင်း။
🙏-မှတ်မိပါပြီဘုရား။ ညပိုင်း ၁၂ နာရီရှိတာကို သုံးပိုင်းပိုင်းလိုက်တော့ ၄ နာရီ စီရလာတာပါဘုရား။
🏳️-ဟုတ်ပါတယ်။ အခုဓူတင်ကျင့်ပုံကို ပြောပြမယ်နော်။ ညဉ့်ဦးပိုင်း ပုရိမယာမ်မှာ မိမိကို နေရာချထားပေးတဲ့ ကျောင်းမှာနေပြီး ယထာသန္တတိဓူတင်ကို ဆောက် တည်မယ်ဦးဇင်း။
🙏- မှန်ပါဘုရား။
🏳️- ပြီးတော့ ညဉ့်နက်သန်းခေါင်ယံမှာ သုသာန်ကိုသွားမယ်။ သုသာန်မြေမှာရှိတဲ့ သစ်ပင်အောက်မှာနေရင် သုသာန်ဓူတင်နှင့် ရုက္ခမူဓူတင်တွဲပြီး ဆောက် တည်လို့ ရပြီနော်။
🙏-မှန်ပါ။ ဓူတင်သုံးပါးရပါပြီဘုရား။ သို့သော် သုသာန်မှာ သစ်ပင်ကြီးကြီးမရှိဘူး ဆိုရင် ရုက္ခမူဓူတင် ဘယ်လို ဆောက်တည်ရမလဲဘုရား။
🏳️-ဒါဆိုရင်လည်း လွင်တီးခေါင် မိုးကောင်းကင်အောက်မှာနေရင် အဗ္ဘော ကာသိကဓူတင် ရမှာပေါ့ဦးဇင်း။
🙏-မှန်ပါ နားလည်ပါပြီဘုရား။ ညဉ့်ဦးယံနှင့် သန်းခေါင်ယံမှာ ကျင့်ရမယ့် ဓူတင်ရပါပြီဘုရား။ နိသဇ္ဇီလည်းရမယ် ထင်ပါတယ်ဘုရား။
🏳️-နိသဇ္ဇီဓူတင် ရပါတယ်ဘုရား။ သုသာန်သွားပြီး ဘယ်မှာကျောချပြီးခေါင်းအုံး နဲ့ အိပ်နေလို့ရမလဲ။
🙏-နားလည်ပါပြီဘုရား။
🏳️- ဆက်ပြောပြမယ်နော်။ မိုးသောက်ယံ ရောက်တဲ့အခါ တောရတဲ့နေရာမှာ အရုဏ်တက်ချိန်အထိနေရင် အာရညကင်ဓူတင်ရပြီဦးဇင်း။ တောထဲ အရုဏ် တက်ပြီးတာနဲ့ ဆွမ်းခံထွက်ပြီး ဆွမ်းဓူတင် ၅ပါး ကျင့်လို့ရပါပြီဘုရား။
🙏-မှန်ပါဘုရား။ တောရတဲ့နေရာက သစ်ပင်ကြီးကြီး အောက်မှာနေရင် ရုက္ခမူဓူတင် ရမှာပါဘုရား။ လွင်တီးခေါင်မှာနေရင် အမ္ဘောကာသိကဓူတင် ရဦးမယ် ထင်ပါတယ်ဘုရား။
🏳️-ရတယ်လေဦးဇင်း။ ရတယ်။
🙏- တပည့်တော် သိချင်တာတစ်ခုက သစ်ပင်အောက်မှာနေရတဲ့ ရုက္ခမူဓူတင် ကျင့်ရင် လွင်တီးခေါင်မှာနေရတဲ့ အမ္ဘောကာသိကဓူတင် မရဘူးဖြစ်နေ ပါတယ်။ ပြီးတော့ လွင်တီးခေါင်မှာနေရတဲ့ အမ္ဘောကာသိကဓူတင်ကို ကျင့်ရင် ရုက္ခမူဓူတင်က မရဘူးဖြစ်နေပါတယ်ဘုရား။
🏳️-ဒီကိစ္စကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာနှင့် မဟာဋီကာ ဆရာတော်များက ဆုံးဖြတ် ပေးတော်မူထားတာ ရှိတယ်ဘုရား။
🙏- တပည့်တော် အဲဒီအဆုံးအဖြတ်ကို သိပါရစေဘုရား။
🏳️- ဓူတင် ၁၃ ပါးစလုံး ဆောက်တည်ထားတဲ့ရဟန်းက တောရအင်္ဂါနဲ့ညီတဲ့ သုသာန်ကို ရှာရမယ်တဲ့။
🙏-မှန်ပါဘုရား။ အဲဒီတောရအင်္ဂါနဲ့ညီတဲ့ သုသာန်မှာရှိတဲ့ သစ်ပင်အောက် နေရမလား၊ မိုးကောင်းကင်အောက် လွင်တီးခေါင်မှာ နေရမလားဆိုတာ မကွဲပြားသေးပါဘုရား။
🏳️-အဲဒီတောရအင်္ဂါနဲ့ညီတဲ့ သုသာန်မြေပေါ်က သစ်ပင်အောက်မှာ နေသည် ဖြစ်စေ၊ လွင်တီးခေါင်မှာ နေသည်ဖြစ်စေ ယထာသန္တတိဓူတင်ရယ် ရုက္ခမူ ဓူတင်နှင့် အမ္ဘောကာသိကဓူတင် မပျက်ဘူးလို့ စာတွေက ပြထားပါတယ်ဦးဇင်း။ 🙏-ကျေးဇူးတင်ပါတယ်ဘုရား။ တပည့်တော် အခုထိ နားလည်တာလေး လျှောက်ပါရစေဘုရား။ မှားရင် အမှန်ကို ပြပေးတော်မူပါဘုရား။
🏳️-လျှောက်ပါလေ။
🙏-ညဦးပိုင်း သီတင်းသုံးရာကျောင်းမှာ ဓူတင် ၁ ပါးရပါတယ်။ သန်းခေါင်ယံမှာ သုသာန်သွားပြီးတော့ မိုးသောက်ယံမှာ တောအရုဏ်ယူတာနဲ့ ဓူတင် ၅ ပါး ရပါပြီဘုရား။ မိုးလင်းဆွမ်းခံကြွရင် ဆွမ်းဓူတင် ၅ ပါး ရပါပြီဘုရား။
🏳️-ဟုတ်ပြီဦးဇင်း။ အခုဓူတင် ၁၁ ပါးရပြီနော်။ သင်္ကန်းဓူတင် ၂ ပါးကို ဆက်ကျင့်ရင် ဓူတင် ၁၃ ပါးလုံး အပြည့်ရပြီပေါ့ဘုရား။
🙏- မြန်မာနိုင်ငံမှာ အခုလို ဓူတင်ဆောင် ရဟန်းတော်များ ရှိပါသေးသလားဘုရား။ 🏳️-အခုလို ကျင့်နည်းတွေ ပြည့်ပြည့်စုံစုံ ရှိနေသေးတဲ့အတွက် ကျင့်သုံးတော် မူကြတဲ့ သူတော်ကောင်းများ မြန်မာ့မြေပေါ်မှာ မဆိတ်သုဉ်းသေးပါဘူး ဦးဇင်း။
🙏-သာဓု၊ သာဓု၊ သာဓု ပါဘုရား။ ဓူတင်ဆောင် ထေရ်ရှင်များကို ဦးညွတ် ရှိခိုး ကန်တော့ပါတယ်ဘုရား။
ကျမ်းကိုး
၁။ (၃၇) ဓုတင်္ဂပကိဏ္ဏကကထာ၊
ဓုတင်္ဂနိဒ္ဒေသ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ - ပထမတွဲ (နှာ-၇၉)
၂။ (၃၇) ဓုတင်္ဂပကိဏ္ဏကကထာ၊
ဓုတင်္ဂနိဒ္ဒေသ၊
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ - ပထမတွဲ (နှာ-၇၉)
အရှင်ခေမာနန္ဒ
(ရန်ကင်းတောရ သပြေပင်)
ထပ်ဆင့်ဖြန့်ဝေသူ
အရှင်နန္ဒ သိရီ

No comments:

Post a Comment

                                                                                                                                            ...