Sunday, March 19, 2023

သိကောင်းစရာ ဓူတင် သာသနာ အပိုင်း (၄)

 


သိကောင်းစရာ ဓူတင် သာသနာ

အပိုင်း (၄)
သန္တုဋ္ဌိ သလ္လေခ ဖြစ်တိုင်း ဓူတင်မခေါ်ပါ
(🙏=M.A ဦးဇင်း
🏳️=ဆရာတော်)
🙏-မှန်ပါ ဘုရား။အစားမှာလည်း ခြိုးခြံရမယ်။အဝတ်သင်္ကန်းလည်း ခြိုးခြံရမယ်။နေစရာ ကျောင်း၊အိပ်ရာနေရာတွေမှာလည်း ခြိုးခြံရမယ်ဆိုတော့ ဓူတင်ကျင့်ရတာ တော်တော်ပင်ပန်းမယ်လို့ ထင်ပါတယ်ဘုရား။ဒီတော့ စား၊ဝတ်၊နေရေး အကုန်လုံးကို ခြိုးခြံရမယ်။
မစားဘဲ၊မဝတ်ဘဲ၊မအိပ်ဘဲ ကျင့်ရမယ်ဆိုတဲ့ အကျင့်မျိုးကိုလည်း ဓူတင် ခေါ်နိုင်ပါသလား ဘုရား။
🏳️-အဝတ်မဝတ်ဘဲ ကျင့်တဲ့အကျင့်၊ထမင်းကို လက်နဲ့ခံယူပြီး မတ်တပ်စားပြီး ကျင့်တဲ့ အကျင့်၊မတ်တပ်ရပ်လျက် ကျင်ကြီးစွန့်တဲ့ အကျင့်တွေက သာသနာပြင်ပက ဘာသာခြားတို့ရဲ့ အကျင့်သာဖြစ်တယ်။သာသနာတွင်း အကျင့်နှင့် မသက်ဆိုင်ပါဘူး။အဲ့သလို အကျင့်မျိုးကို
ဓူတင်လို့လည်း မခေါ်ပါဘူး ဦးဇင်း။
🙏-ဓူတင်အကျင့်ကလည်း အဲ့သလို
ကိုယ်ဆင်းရဲ ဒုက္ခ ခံပြီးကျင့်ရတဲ့ အကျင့်မျိုးပဲ မဟုတ်ပါလား ဘုရား။
🏳️-ဦးဇင်း တွေးတဲ့ အတွေးအခေါ်မျိုးကို
ရှေးရှေးအခါတုန်းက မိလိန္ဒမင်းကြီးလည်း တွေးဖူးတယ်။ဒါ့ကြောင့် အရှင်နာဂသိန်ကို မေးခွန်း တစ်ခုမေးလျှောက်ဖူးတယ် ဦးဇင်း။
🙏-တပည့်တော် အတွေးနဲ့တူတဲ့ ဘုရင်ကြီးရဲ့ မေးခွန်းနှင့်အဖြေကိုလည်း အကျယ်သိပါရစေ ဘုရား။
🏳️-`ရဟန်းအဖြစ်ကို မခံယူပါဘဲလျက်လည်း တရားကျင့်၍ ရနိုင်ပါမူကား အရှင်ဘုရားတို့၏ ရဟန်းအဖြစ် ကျင့်သုံးခြင်းသည် အကျိုးမဲ့၊အချည်းနှီး ဖြစ်လေစွတကား။ရှေးရှေးတုန်းက ပြုခဲ့သော အကုသိုလ်ကံကြောင့် ယခု ဘဝတွင် ဒုက္ခခံကာ ရဟန်းပြုကြရကုန်၏။ဓူတင်
အကျင့်ကိုပျင့်ကြရကုန်၏´ တကားလို့ အပြစ်တင်ပြီးလျှောက်တယ်။
🙏-တော်တော်ကြီးကို အပြစ်မြင် လျှောက်လိုက်တာပဲဘုရား။
🏳️-ဟုတ်တယ်။သူက ဆက်လျှောက်သေးတယ်
`ဧကာသနိက် ဓူတင်ဆောင်၍ တစ်ထပ်သာ စားကြရသော ရဟန်းတို့သည် ရှေးရှေးဘဝက သူတစ်ပါး၏ ပစ္စည်းကို ခိုးခဲ့ကြလေယောင်တကား။ထို အကုသိုလ်ကံကြောင့် အချိန်မရွေးစားသောက်ခွင့် မရကြဘဲ တစ်နေရာတည်း၌ တစ်ထပ်သာ စားကြလေယောင်တကား။
အဗ္ဘောကာသိ ဓူတင်ဆောင်၍ လွင်တီးခေါင်၌ နေထိုင်ကြရသော ရဟန်းတို့သည်လည်း ရှေးရှေးဘဝတို့၌ ကျေးလက်တောရွာတို့ကို ဖျက်ဆီးခဲ့သော ခိုးသားဓါးပြတို့ ဖြစ်ခဲ့ကြလေယောင်တကား။ထိုသို့ ဖျက်ဆီးခဲ့ကြဖူးသောကြောင့် အမိုးအကာအောက်တွင် နေထိုင်ခွင့် မရကြဘဲ လွင်တီးခေါင်၌ နေကြရလေယောင်တကား။နိသဇ္ဇိ ဓူတင် ဆောင်၍ ထိုင်လျက်သာ နေကြရသော ရဟန်းတို့သည်လည်း ရှေးရှေးဘဝ၌ လမ်းခရီးမှ စောင့်ကြို နှိပ်စက်ကြသော ခိုးသားဓါးပြတို့ ဖြစ်ခဲ့ကြလေယောင်တကား။ထို အကုသိုလ်ကံကြောင့် ယခုဘဝတွင် အိပ်စက်ခွင့်မရဘဲ ထိုင်လျက်သာ နေကြရလေယောင်တကား´ လို့ ဓူတင် အကျင့်မြတ်ကို အပြစ်တင်ပြီး စကားနိုင်ယူခဲ့ဖူးတယ် ဦးဇင်း။
🙏-မှန်ပါဘုရား။ဒါဆိုရင် ဘုရားရှင်ရဲ့တပည့် ရဟန်းများက ဘယ်ကဲ့သို့ မြင့်မြတ်
ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ခြိုးခြခေါင်းပါးတဲ့ ဓူတင်အကျင့်ကို ကျင့်ကြတာပါလဲ ဘုရား။
🏳️-ဓူတင်ကို ကျင့်ခြင်းရဲ့ ပင်မ ပဓါန၊အဓိက ရည်ရွည်ချက်က လောဘ၊ဒေါသ၊မောဟ၊မာန စတဲ့ စိတ်ရဲ့အညစ်အကြေးတွေကို ခါထုတ်ဖို့ ကျင့်ရတာပါ ဘုရား။နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ အကြောင်းအထောက်အပံအတွက် ကျင့်ရတာပါ ဘုရား။
အရှင်ခေမာနန္ဒ
(ရန်ကင်းတောရ သပြေပင်)
*ပြီးခဲ့သည့် ဓမ္မဝိနယပါဠိတက္ကသိုလ်၌ ကျင်းပ အောင်မြင်ခဲ့သည့် ဒသမ အကြိမ်မြောက် ဝိနည်းဆွေးနွေးပွဲ၌ ရန်ကင်းတောရဆရာတော်ကြီးကိုယ်တော်တိုင်ကြွရောက်ပြီး ယခု စာအုပ်အား အုပ်ရေ ၁၀၀
လှူဒါန်းခဲ့ပါသည်။
မိမိလည်း တစ်အုပ် အလှူခံရရှိခဲ့ပါ၏။
ဤစာတို့အား Scan ဖတ်သော software တို့ကိုပင် အသုံးမပြုပဲ လက်ဖြင့်စာရိုက်ပြီး face book စသည့် social media တို့၌ ရေးသား တင်လှူပူဇော်လိုက်ပါ၏။
ရည်ရွယ်ချက်ကား
1-စာအုပ်မရရှိသော ရဟန်းရှင်လူ အများအား သိရှိ၊ ရရှိစေရန် လည်းကောင်း
2-မိမိကိုယ်တိုင်လည်း စာရိုက်ရင်း စာကြေအောင်ဖတ်ဖြစ်သည့်အလေ့အထ ရစေရန်လည်းကောင်း
3-ဓူတင်သာသနာ ကို ပူဇော်ရန်အတွက်လည်းကောင်း ဖြစ်ပါသည်။
မူလ စာရေးသူ ဆရာတော်ကြီးနှင့်
သက်ဆိုင်သူတို့အား ခွင့်တောင်းဖို့ရာ
အခွင့်မသာခဲ့ပါ။
သာသနာ အတွက်ဖြစ်၍
နားလည်ခွင့်လွှတ်မည်ဟု မျှော်လင့်ပါသည်။
မိမိသူတစ်ပါး အကျိုး
ဆောင်ရွက်နိုင်ကြပါစေ
crd#အရှင်နန္ဒသိရီ
(ရေးတင် ပူဇော်သည်)
May be a cartoon of text
All react

No comments:

Post a Comment

                                                                                                                                            ...