Sunday, March 19, 2023

သိကောင်းစရာ ဓူတင်သာသနာ အပိုင်း(၃)


 သိကောင်းစရာ ဓူတင်သာသနာ

အပိုင်း(၃)
***********
(🙏=MA ဦးဇင်း
🏳️=ဆရာတော်)
ဓုတင် နှင့် ဓူတင်
🙏-စာအုပ်တွေ၊မဂ္ဂဇင်းတွေထဲမှာ ဓူတင် လို့လည်းရေးကြတယ်။ဓုတင်လို့လည်းရေးကြတယ်။ဘယ်ဟာအမှန်ပါလဲ ဘုရား။
🏳️-ဓုတင်္ဂဆိုတဲ့ ပုဒ်ရင်းကို လေ့လာရင် ဓုတ နှင့် အင်္ဂ ကို တွေ့ရပါမယ်။ဒါကို မြန်မာစာပေမှာကျတော့ ပါဠိသက်စကားလုံးအဖြစ် `ဥ´သရနှင့် ဓုတင်လို့လည်ာ သုံးကြတယ်။
🙏-တပြည့်တော်တို့ စကားပြောတဲ့အခါမှာ ဓူတင်လို့ပဲ ပြောကြပါတယ်ဘုရား။
🏳️-ဟုတ်တယ်။မြန်မာစကားမှာ`ဦ´သရနဲ့ ဓူတင်လို့ အသံရှည် ပြောဆို သုံးနှုန်းကြပါတယ်။ဒါ့ကြောင့် ပါဠိသက်စကားလုံး ဖြစနေတာမို့ အသုံးမှန်ပါတယ် ဦးဇင်း။
🙏-ရှေးရှေး အခါကာလကတည်းက အခုလို ဓုတနှင့်ဓူတ ဆိုပြီး နှစ်မျိုးဖြစ်တာပါလားဘုရား။
🏳️-ဟုတ်တယ်။သျှင်မဟာသီလဝံသရဲ့ ဆုတောင်းခန်းပျို့မှာ `ဓုတင်အမည်၊ဝတ်ဆောက်တည်လျက်´ လို့ရေးထားတာတွေ့ရပြီး မဟာဇနကပျို့မှာကျတော့
`သစ်တစ်ပင်၌၊ဓူတင်တစ်ဆူ၊ရုက္ခမူဖြင့်´ လို့ တွေ့ရပြန်တယ် ဦးဇင်း။
🙏-ရှေးရှေး ပညာရှိတွေကဓုတင်နှင့်ဓူတင် နှစ်မျိုးလုံး ရေးသားခဲ့ကြတဲ့အတွက် ကြိုက်သလို သုံးလို့ရပြီနော်ဘုရား။
🏳️-အဲသလိုတော့ မဟုတ်သေးဘူးထင်တယ်။ဒီကနေ့ခေတ် ပညာရှင်တွေက ပါဠိသက် အဖြစ်ရေးရင် ဓုတင် လို့ရေးကြပြီး။မြန်မာစကားပြေသက်သက်ရေးရင် စကားပြောသံနှင့်အတူ ဓူတင်လို့ ရေးကြပါတယ်ဦးဇင်း။
🙏-မှန်ပါ။မှတ်သားထားပါမယ် ဘုရား။
🏳️-နဘူးကျင်း ဆရာဆရာတော်ကြီး ရေးသားတော်မူခဲ့တဲ့ ကျန်းစာအုပ်တစ်အုပ်ရဲ့ နာမည်ကို ပါဠိ၊မြန်မာ နှစ်ဘာသာနဲ့ ရေးတော်မူခဲ့ဖူးတယ်။
🙏-ဘယ်စာအုပ်ပါလဲ ဘုရား။
🏳️-ဓူတင်ဆိုင်ရာ စာအုပ်ပါ ဦးဇင်း။
`ဓုတင်္ဂဝိနိစ္ဆယ (ခေါ်)ဓူတင် အဆုံးအဖြတ်ကျမ်း´ ဆိုပြီး ဓူတင်လို့ အသုံး နှစ်မျိုး သုံးထားတာ တွေ့ရပါတယ် ဦးဇင်း။
🙏-မြန်မာမှာ ဓူတင်သုံးတာတွေ့ရပြီး၊ပါဠိမှာ ဓုတင်လို့ရးတာ သတိပြုမိပါတယ် ဘုရား။ဘုရားတပြည့်တော်များ အခုစကားပြော လျှောက်ထားရာမှာလည်း
ဓုတင်လို့ပြောရတာ လျှာခလုတ်တိုက်လို့ဓူတင် လို့ပဲသုံးခွင့်ပြုတော်မူပါ ဘုရား။
ပါဠိသက်ဝေါဟာရ ဓုတင်နှင့် ဓုရ အဓိပ္ပါယ် တူတူပဲလ ဘုရား။ပြီးတော့ ဓူရနှစ်ဖြာလို့လည်းဖတ်ဖူးတယ်။အဲဒီမှာ ဓူတင် ပါသလား ဘုရား။
🏳️-နေဦး၊နေဦး၊ဓုတင်နှင့်ဓုရ အဓိပ္ပါယ် မတူဘူးနော်။ကိလေသာကို ခါထုတ်ပစ်နိုင်တဲ့အကျင့် An ascetic practice ကို ဓူတင်ခေါ်တယ်။မလုပ်မနေရ ဧကန် လုပ်ရမယ့် တာဝန်က ဓုရ Responsibility ဖြစ်ပါတယ်။
`ရဟန်းကိစ္စ၊နှစ်ဓုရကို၊လုံ့လအားသည်း၊ဟိတ်ဟန်နည်း၍၊ပစ္စည်းမသို၊စိတ်မတို၊ခင်ပျိုကြီးပွားကြောင်း´ လို့လည်း စာပေမှာ လာသေးတယ် ဦးဇင်း။
🙏-တပြည့်တော် တက္ကသိုလ် တက်တုန်းက အလွတ်ကျက်ဖူးတယ် ဘုရား။ရဟန်းများရဲ့ နှစ်ဓူရ ဆိုတာက ဘယ်ဟာတွေပါလဲ ဘုရား။
🏳️-အေး ဟုတ်ပြီ။ဖြေဖို့ ကျန်ရစ်ခဲ့တယ်။စာပေဆိုင်ရာ တာဝန်က ဂန္ထဓူရပါ။ဝိပဿနာတရား အားထုတ်ရမဲ့ တာဝန်က ဝိပဿနာဓူရပါ ဦးဇင်း။
အရှင် ခေမာနန္ဒ
(ရန်ကင်းတောရ သပြေပင်)
*ပြီးခဲ့သည့် ဓမ္မဝိနယပါဠိတက္ကသိုလ်၌ ကျင်းပ အောင်မြင်ခဲ့သည့် ဒသမ အကြိမ်မြောက် ဝိနည်းဆွေးနွေးပွဲ၌ ရန်ကင်းတောရဆရာတော်ကြီးကိုယ်တော်တိုင်ကြွရောက်ပြီး ယခု စာအုပ်အား အုပ်ရေ ၁၀၀
လှူဒါန်းခဲ့ပါသည်။
မိမိလည်း တစ်အုပ် အလှူခံရရှိခဲ့ပါ၏။
ဤစာတို့အား Scan ဖတ်သော software တို့ကိုပင် အသုံးမပြုပဲ လက်ဖြင့်စာရိုက်ပြီး face book စသည့် social media တို့၌ ရေးသား တင်လှူပူဇော်လိုက်ပါ၏။
ရည်ရွယ်ချက်ကား
1-စာအုပ်မရရှိသော ရဟန်းရှင်လူ အများအား သိရှိ၊ ရရှိစေရန် လည်းကောင်း
2-မိမိကိုယ်တိုင်လည်း စာရိုက်ရင်း စာကြေအောင်ဖတ်ဖြစ်သည့်အလေ့အထ ရစေရန်လည်းကောင်း
3-ဓူတင်သာသနာ ကို ပူဇော်ရန်အတွက်လည်းကောင်း ဖြစ်ပါသည်။
မူလ စာရေးသူ ဆရာတော်ကြီးနှင့်
သက်ဆိုင်သူတို့အား ခွင့်တောင်းဖို့ရာ
အခွင့်မသာခဲ့ပါ။
သာသနာ အတွက်ဖြစ်၍
နားလည်ခွင့်လွှတ်မည်ဟု မျှော်လင့်ပါသည်။
မိမိသူတစ်ပါး အကျိုး
ဆောင်ရွက်နိုင်ကြပါစေ
crd#အရှင်နန္ဒသိရီ
(ရေးတင် ပူဇော်သည်)

No comments:

Post a Comment

                                                                                                                                            ...