Sunday, March 19, 2023

သိကောင်းစရာ ဓူတင်သာသနာ အပိုင်း(၂)

 


သိကောင်းစရာ ဓူတင်သာသနာ

အပိုင်း(၂)
***********
နိဒါန်း
ဘုရားရှင်၏ အလိုတော်ကျ ဓူတင်ကျင့်တော်မူကြသည့် ထေရ်ရှင်မြတ်တို့၏ အနီးအပါးချဥ်းကပ်ခဲ့ဖူးရာတွင် အလိုနည်းခြင်းဟူသော အပ္ပိစ္ဆတာဂုဏ်၊ရောင့်ရဲလွယ်ခြင်းဟူသော သန္တုဋ္ဌိတာဂုဏ်၊ခေါင်းပါးခြင်းဟူသော သလ္လေခတာဂုဏ်၊ဆိတ်ငြိမ်မှု၌ မွေ့လျော်ခြင်းဟူသော ပဝိဝေကတာဂုဏ်တို့သာမက စာဖြင့်ရေးဖွဲ့၍
မကုန်နိုင်လောက်သည့် အနှိုင်းအဆမဲ့ များလှစွာသော ဂုဏ်ကျေးဇူးတို့ကို ဖူးမြင် ကြည်ညိုခဲ့ရပါသည်။သို့သော် စာရေးသူသည် မိမိ၏ ပကတိ မံသစက္ခုဖြင့် ဖူးမြင်ခဲ့ခြင်း ဖြစ်ပါသည်။မိမိမမြင်နိုင်လောက်သည်အထိ၊လက်လှမ်းမမှီနိုင်လောက်သည်အထိ သူတော်ကောင်းကြီးတို့၏ သန္တာန်၌ ဂုဏ်ရည်များစွာ ရှိနိုင်ပါသေးသည်။
ဓူတင်ကျင့်လိုတော်မူကြသည့် သူတော်ကောင်းများအနေဖြင့် ထိုထိုဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူသည့် သူတော်ကောင်းကြီးများထံပါး ချဥ်းကပ်ပြီး နည်းခံယူရပါသည်။ဓူတင် အရာ၌ ပါဠိတော်၊အဌကထာ၊ဋီကာသာမက အာစရိယဝါဒများအထိ ကျယ်ကျယ်ပြန့်ပြန့် စဥ်းစားဆင်ခြင်ဆုံးဖြတ်ရသည်များ ရှိပါသည်။လိုရင်းမှာမူ ဆရာ့ထံပါးနည်းခံယူရခြင်းသာ ပဓါန ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် တစ်ချို့ဓူတင် ဆိုင်ရာအဆုံးအဖြတ်များသည် ခက်ခဲပါသည်။နက်နဲပါသည်။ထို့ကြောင့် ဓူတင်ဆောင်မည့် ပုဂ္ဂိုလ်၏ဉာဏ်၌ ရံခါဝေဝေဝါးဝါးလည်း ဖြစ်တတ်ပါသည်။ရ့ခါ မပြတ်မသား မဝံ့မရဲလည်းဖြစ်တတ်သည်။ရံခါ၌မူ ဓူတင်ဆောင်လိုသည့်စိတ်ဆန္ဒ ကုန်ခမ်းသည်အထိ သဒ္ဓါတရားများ ဖရိုဖရဲ ဖြစ်တတ်ပါသေးသည်။ထို့ကြောင့် ဓူတင်နည်းနိဿယပေးမည့် ဆရာသည် အလွန်ပင် အရေးကြီးလှပါသည်။
ဤနေရာတွင် အချို့က ကိလေသာခါထုတ်ရန် ဓူတင်ကိုကျင့်လိုကြသည်။သို့သော် နိသယည်းပေးနိုင်မည့် အာစရိယဆရာသမားများထံပါး ဆည်းပူးခွင့်မရသောကြောင့် မိမိတို့၏ စိတ်အထင်ဖြင့် ဓူတင်ကို ကျင့်ကြသည်။
ထိုပုဂ္ဂိုလ်တို့၏ ကျင့်စဥ်ဆိုင်ရာ အဆုံးအဖြတ်တွင် အလွဲလွဲ အမှားမှားကို စိတ်မကောင်းစွာ တွေ့ရတတ်ပါသည်။မှန်ကန်သည်လမ်းကို တည့်မတ်လိုသည့် ကလျာဏသူတော်ကောင်း ရဟန်းများစွာကိုလည်း ဖူးမြင်ရသကဲ့သို့ သူ၏ အမှားလမ်းစဥ်ကိုပင် ဆုပ်ကိုင်ပြီး ကျင့်နေသည့်ရဟန်းများလည်း ဆုံဖူးပါသည်။အချို့မှာမူ လူတို့၏စိတ်ကို ဖမ်းစားနိုင်ရန် ဓူတင်ကို အဗ္ဘုတအံ့သြဖွယ်အဖြစ် အထူးအဆန်းလုပ်ပြပြီး လာဘ၊သက္ကာရ၊သိလောကကို ရှာမှီး နေကြသည်ကို တွေ့ရပါသည်။ ဘုရားရှင်၏ ဓူတင်ကျင့်စေလို
ဆန္ဒတော်နှင့် ပြဒါးတစ်လမ်း သံတစ်လမ်း သွေဖယ်နေသည်ကိုတွေ့ရ၍ စိတ်မကောင်း ဖြစ်ဖူးပါသည်။
ပြည်တွင်း၊ပြည်ပမှ ရဟန်းများနှင့်အတူ ကာလအတန်ကြာ နေထိုင်ရာတွင် ဓူတင်ကို သူတို့ နားလည်ကျင့်သုံးနေသည်မှာ
နည်းမျိုးစုံလှသည်။ထေရဝါဒ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့် နိုင်ငံခြားသားရဟန်း သုံးပါးက စိတ်တူကိူယ်တူ နိသဇ္ဇိဓူတင်ကျင့်သည်ကို အနီးကပ်တွေ့ဖူးသည်။
သူတို့သည် နေဝင်သည်မှစ၍ မိုးလင်းချိန်တိုင် စင်္ကြံ လျှောက်ကြသည်။တရားထိုင်ကြသည်။တရားဆွေးနွေးကြသည်။လဲလျောင်း၍ ကျိန်းစက်သည်ကို မတွေ့ရပါ။သို့သော် သူတို့သည် နေ့အခါ၌ မွေ့ရာအထူပေါ်၌ ကျောဆန့်၊ခေါင်းချပြီး အိပ်ကြသည်။မေးကြည့်ရာတွင် သူတို့ နိသဇ္ဇိဓူတင်ဆောင်လာသည်မှာ ယမန်နေ့က ကိုးလပြည့်ပြီဖြစ်ကြောင်း ဂုဏ်ယူစွာ လျှောက်ကြသည်။
ရဟန်းတစ်ပါးကမူ ဆွမ်းလောင်းသည့်ဒကာမအား
``ဒကာမကြီး ဦးဇင်း ပံ့သကူဓူတင် ဆောင်နေတယ်။အခုသင်္ကန်းက ထူလည်းထူတယ်။အရောင်လည်း သိပ်မကြိုက်ဘူး။
ဒီသင်္ကန်းထက် အရောင်နည်းနည်းနုပြီး၊ချည်သားစစ်စစ်သင်္ကန်း တစ်စုံကို မနက်ဖြန် ဆွမ်းခံလမ်းမှာ ပံ့သကူပစ်ပေးပါနော်´´ ဟု ဆွမ်းခံ အိမ်ရှေ့မှာ မှာကြားသည်။ သူသည် ပံ့သကူဓူတင် အဆုံးအဖြတ်ကို မသိ၍ပေလော ၊သူသည် ပံ့သကူဓူတင်ဆောင်ရဟန်းဖြစ်ကြောင်းကို ထိုဒကာမများအား သိစေလို၍ပေလော မေးမြန်းလျှောက်ထားခွင့် မကြုံခဲ့သောကြောင့် မသိရပါ။
တောရကျောင်း၌ ဓူတင်ဆောင်ရဟန်းတစ်ပါးကမူ တိစီဝရိတ်ဓူတင်ဆောင်သည်ဟု သိရပါသည်။ကြည်ညိုမိသဖြင့် ဓူတင်ဆိုင်ရာအဆုံးအဖြတ်အပေါ်
အမြင်ချင်းဖလှယ်ကြပါသည်။ထိုအခါ သိလာရသည်မှာ သူဆောင်သည့် တိစိဝရိတ်ဟူသည် ကျောင်း၌ သုံးရန် တိစိဝရိတ် သင်္ကန်းသုံးထည်ထား၏။ဆွမ်းခံလမ်း၌ နှစ်ထပ်သင်္ကန်း ပခုံးပေါ်တင်ရန် တိစီဝရိတ်သင်္ကန်း သုံးထည်ထား၏။ခရီးစသည်ကြွရာတွင်သုံးရန် တိစီဝရိတ်သင်္ကန်း သုံးထည်ထား၏။သူသည် သင်္ကန်း သုံးထည်နှင့် သင်္ကန်းသုံးစုံကို မကွဲမပြား ဖြစ်နေခြင်းလော မသိရပါ။ သို့သော် ထိုရဟန်း၌ ဆိုဆုံးမ လွယ်ကူသည့် သောဝစဿတာဂုဏ်ကို မတွေ့ရသဖြင့် ဆိတ်ဆိတ် နေလိုက်ပါသည်။
သုဿာန်ဓူတင်ဆောင် ရဟန်းတစ်ပါး ဆုံဖူးပါသေးသည်။သူသည် သူ့ဇနီးဟောင်း၏ ဂူကြီးပေါ်၌ အမိုးမဏ္ဍပ် ထိုးပြီး နေ့နေ့ညည နေလေ့ရှိပါသည်။ဆိုလာမီးဖြင့် ဖုန်းအားသွင်းပြီး၊ကတ်ဆက်ဖြင့် အလွမ်းသီချင်းများကို ရံခါ ဖွင့်တတ်သည်။ထိုသုဿာန်ဓူတင်ဆေင်သည်ဆိုသော ကိုယ်တော်ကြီးက သရဲကြောက်တတ်သောကြောင့် ရွာထဲက ကာလသားနှစ်ယောက်က အုတ်ဂူပေါ်၌ ညညလာအိပ်ပေးရသည်။
ရဟန်းတစ်ပါးက သရဲခြောက်သည်ဟု နာမည်ကြီးနေသော တနင်္သာရီတိုင်းထဲက သုဿာန်တစ်ခုကိုသွားပြီး ဓူတင်ကျင့်မည်ဟုပြောသည်။စာရေးသူကိုလာပြောသည်မှာ ရဟန်းမဟုတ်ဘဲ မာတုကာမ တစ်ယောက် ဖြစ်နေသည်။သူမေးသည်မှာ ``တပြည့်တော်တို့ ဆရာတော်က လေယာဥ်နဲ့ သွားပြီး၊ဟိုတယ်မှာတည်းမယ်။ပြီးတော့ ညညသုဿာန်ကြွပြီး ဓူတင်ဆောင်မှာပါဘုရား။တပည့်တော်ကိုလည်း သုဿာန်ဓူတင်ဆောင်ဖို့ တစ်ပါထဲခေါ်မယ်လို့ မိန့်တယ်။တပြည့်တော်က သရဲကြောက်တယ်၊ဒါ့ကြောင့် လိုက်သွားဖို့ သင့်ပါ့မလားလို့ မေးလျှောက်တာပါ´´ ဟုပြော၏။ဤမေးခွန်းကို ကြားရသဖြင့် အလွန်အမင်းပင် အံ့သြသင့်မိပါသည်။ဓူတင်အကျင့်သည် တန္တရ၊မန္တရ အကျင့်ဖြစ်နေပြီလော၊ထေရဝါဒစံကို ကျော်လွန်၍ ကျင့်သည့်အကျင့် ဖြစ်နေပြီလော၊ယတြာချေသည့် အကျင့်ဖြစ်နေပြီလောဟု အတွေးရေယဥ်ကြော၌ မျောပါမိပြီး ဒကာမကို မျက်လွှာပင့်ပြီး မျက်မှန်ပေါ်က ကေ်ကြည့်မိသည်။ လက်ညှိုးနှင့် လက်ခလယ်၌ ဓါတ်လုံးလက်စွပ် ပန်ဆင်ထားသည်။လက်ထဲတွင် အဝါရောင် ကိူလုံးပုတီးတစ်ကုံး တွေ့ သည်။စိတ်ရှုပ်လာသဖြင့် သက်ပြင်းချမိသည်။မေးခွန်ူကိုလည်းမဖြေတတ်သောကြောင့် ဆိတ်ဆိတ်ပင် နေလိုက်ပါသည်။ယနေ့ခတ်တွင် ဓူတင်ကို အဘယ်ကဲ့သို့နားလည်ပြီး၊အဘယ်ရည်ရွယ်ချက်များဖြင့် ကျင့်နေပြီး၊အဘယ်ကိလေသာတို့ကို ထိုဓူတင်ကျင့်စဥ်ဖြင့် သူတို့ခါထုတ်နေသည်ကို ဉာဏ်မမှီလောက်အောင်ဖြစ်သွားပါသည်။
ဧကာသနိသ်ဓူတင်ဆောင် ရဟန်းတစ်ပါးကိုလည်း ဖူးတွေ့ခဲ့ရသေးသည်။ဆုံလည်ကုလားထိုင်ဖြင့် ဆုံလည်တပ်ထားသည့် စားပွဲကြီးအပေါ် ဆွမ်းဟင်းခွက် အပြည့်တင်ပြီး ဇွန်း၊ခက်ရင်း ဓါးတို့ကိုသုံးပြီး တိုက်ပန်းကန်ပြား၊ကြွေဇွန်းတို့ဖြင့် ဆွမ်းကိုဘုန်းပေးသည်။ သူသည် ဆွမ်းကို တစ်ထပ်တည်း၊တစ်ထိုင်တဲ၊တစ်ကြိမ်တည်းသာ ဘုန်းပေးကြောင်း မကြာခဏ ပြောပြတတ်သည်။သို့သော် ထူးခြားနေသည်မှာ ဆွမ်းနှသ့်တိုက်ရိုက်သက်ဆိုင်ပြီး မဖြစ်မနေပါရမည့် သပိတ် ပျောက်နေပါသည်။ထိုသောတုဇန ရဟန်းသည် သပိတ်မပါဘဲ ဆွမ်းဓူတင် ကျင့်နေဟန်တူပါသည်။ခေတ်သစ်ဓူတင်ဆောင်ကိုယ်တော်ဖြစ်လိမ့်မည်ဟု တွေးမိပါသည်။
နောင်အဂါတ်၌ ဓူတင်ကို လိုလားတော်မူလိုကြမည့် သူတော်ကောင်း ရဟန်းများအတွက် စံနမူနာယူစရာ အလွန်အမင်း ရှားပါးလာနေပါသည်။ သို့ဖြစ်ပါ၍
မထေရ်မြတ်များမိန့်တော်မူဖူးသကဲ့သို့
``ဓူတင်သာသနာ အလင်းရောင်ကွယ်သွားပြီ၊ယခု တိမ်တောက်၍ လင်းနေခြင်းပေလော´´
ဟု တွေးထင် နေမိပါသည်။
အရှင်ခေမာနန္ဒ
(ရန်ကင်းတောရ-သပြေပင်)
*ပြီးခဲ့သည့် ဓမ္မဝိနယပါဠိတက္ကသိုလ်၌ ကျင်းပ အောင်မြင်ခဲ့သည့် ဒသမ အကြိမ်မြောက် ဝိနည်းဆွေးနွေးပွဲ၌ ရန်ကင်းတောရဆရာတော်ကြီးကိုယ်တော်တိုင်ကြွရောက်ပြီး ယခု စာအုပ်အား အုပ်ရေ ၁၀၀
လှူဒါန်းခဲ့ပါသည်။
မိမိလည်း တစ်အုပ် အလှူခံရရှိခဲ့ပါ၏။
ဤစာတို့အား Scan ဖတ်သော software တို့ကိုပင် အသုံးမပြုပဲ လက်ဖြင့်စာရိုက်ပြီး face book စသည့် social media တို့၌ ရေးသား တင်လှူပူဇော်လိုက်ပါ၏။
ရည်ရွယ်ချက်ကား
1-စာအုပ်မရရှိသော ရဟန်းရှင်လူ အများအား သိရှိ၊ ရရှိစေရန် လည်းကောင်း
2-မိမိကိုယ်တိုင်လည်း စာရိုက်ရင်း စာကြေအောင်ဖတ်ဖြစ်သည့်အလေ့အထ ရစေရန်လည်းကောင်း
3-ဓူတင်သာသနာ ကို ပူဇော်ရန်အတွက်လည်းကောင်း ဖြစ်ပါသည်။
မူလ စာရေးသူ ဆရာတော်ကြီးနှင့်
သက်ဆိုင်သူတို့အား ခွင့်တောင်းဖို့ရာ
အခွင့်မသာခဲ့ပါ။
သာသနာ အတွက်ဖြစ်၍
နားလည်ခွင့်လွှတ်မည်ဟု မျှော်လင့်ပါသည်။
မိမိသူတစ်ပါး အကျိုး
ဆောင်ရွက်နိုင်ကြပါစေ
crd#အရှင်နန္ဒသိရီ
(ရေးတင် ပူဇော်သည်)

No comments:

Post a Comment

                                                                                                                                            ...