သိကောင်းစရာ ဓူတင်သာသနာ
အပိုင်း(၁)
*************
ဤ စာအုပ်အကြောင်း
-------------
လွန်ခဲ့သော ဆယ်စုနှစ် တစ်စုကျော်ကာလက လူတို့နှင့်သက်ဆိုင်သော ရဟန်းဝိနည်း စာအုပ်ကို ရေးသားခဲ့ချိန်၌ စာဖတ်သူများ လွယ်ကူစွာ နားလည်နိုင်မည့် စာရေးသားဟန်ဖြစ်မှအဆင်ပြေမည်။
သို့မဟုတ်ပါက ခက်ခဲ၊ နက်နဲသည့်
ဝိနည်း အဆုံးအဖြတ်များကို ဖတ်ရှုရာတွင် စာဖတ်သူများ စိတ်ပင်ပန်းမည်ဟု တွေးထင်မိဖူးပါသည်။
ထို့ကြောင့် စကားပြေရေးနည်း၊စကားပြောရေးနည်း၊အပြန်အလှန် စကားပြောရေးနည်း စသည်ဖြင့်
ရေးနည်းအမျိုးမျိုးဖြင့်စမ်းသပ်
ရေးကြည့်ပါသည်။ရေးထားသည့် စာမူကိုလည်း စာဖတ်သူတို့အား ပေးဖတ်ပြီး နားလည်နိုင်စွမ်းကို လေ့လာကြည့်ရာတွင် အပြန်အလှန် စကားပြောဟန်ဖြင့် ရေးနည်းမှာ ခက်ခဲနက်နဲသည့် အကြောင်းအရာတို့ကိုရှင်းလင်းရာတွင် ပို၍ နားလည်လွယ်သည်ကို သိရှိခဲ့ရပါသည်။ သို့ဖြစ်ပါ၍ ထေရဝါဒဗုဒ္ဓ ဘာသာဝင်တိုင်းသိသင့်သည့် လူတို့နှင့်သက်ဆိုင်သော ရဟန်းဝိနည်းစာအုပ် အပိုင်း (၁) နှင့် (၂) အပါအဝင် ဝိပဿနာ လူငယ်စကားဝိုင်း အပိုင်း(၁) နှင့် (၂) တို့ကိုလည်း အပြန်အလှန်စကားပြောဟန်ဖြင့် ရေးသားခဲ့ဖူးသည်။ ယနေ့တိုင် ဝိနည်းဗဟုသုတလေ့လာရန် အထောက်အကူဖြစ်သည်ကို ကြားသိနေရသဖြင့် ဝမ်းမြောက်ရပါသည်။
ယခုတဖန် ဓူတင် အကြောင်းရေးရန် အကြောင်းဖန်လာပါသည်။ဘုန်းတော်လေး ဦးအဘယာလင်္ကာရက ဓူတင်ကျင့်လိုကြသည့် ရဟန်းကောင်းများ လွယ်ကူစွာ ကျင့်သုံးနိုင်ရန် ဓုတင်စာအုပ်တစ်အုပ် လိုအပ်နေပါသည်။ထို့ကြောင့် အကြောင်းညီညွတ် ပြည့်စုံပါက ရေးသားပေးနိုင်ပါရန် လျှောက်ထားပါသည်။စာရေးဝါသနာပါသူအဖို့ စာရေးသည့်အလုပ်ဟူသည် ဘုရားစကားကို အမြဲ ကြံစည် စဥ်းစား တွေးတောနေရပါသည်။ထို့ကြောင့်
ပရိယုဋ္ဌာန ကိလေသာကို တဒင်္ဂချင်း ပိတ်ဆို့ တားဆီးပေးနိုင်သောကြောင့် ဘုန်းကြီးအို အဖို့ တရားအားထုတ်သည့်အလုပ်နှင့် စာရေးရသည့်အလုပ်က မငြီးငွေ့နိုင်အောင် အလွန်ပင် အံဝင်ခွင်ကျဖြစ်လှပါသည်။ သို့ဖြစ်ပါ၍ ဝါသနာပါပြီး လုပ်ချင်နေသည့် အလုပ်တစ်ခုကို လုပ်ဖြစ်သည်အထိ တိုက်တွန်းအားပေးခဲ့သည့် ဘုန်းတော်လေး ဦးအဘယာလင်္ကာရကိုလည်း အထူးကျေးဇူးတင်ပါသည်။
သို့သော် အခက်အခဲတစ်ခုရှိလာပါသည်။
ငှင်းမှာ ဓူတင်ဆိုင်ရာ အဆုံးအဖြတ်ဟူသည် ပူအလွန်ပင် နက်နဲ၊သိမ်မွေ့၊ခက်ခဲရုံမက အာစရိယ ဆရာသခင်၏ သွန်သင် လမ်းညွှန်မှုမပါဘဲ မှန်ကန်စွာ
ကျင့်ရန်ခက်ခဲပါသည်။ထို့ကြောင့် ရေးဟန်ကို စဥ်းစားနေသည်မှာ ကာလ အတန်ကြာ သွားပါသည်။ လေးနက်ခက်ခဲပြီး ရဟန်းတို့နှင့်သာ သက်ဆိုင်သည့်ဓူတင်ကို စကားပြေဖြင့် နားလည်အောင် ရေးသားရန် စာရေးသူမှ မစွမ်းနိုင်တော့ကြောင်း ဘုန်းတော်လေးကို ဝန်ခံမိပါသည်။ဘုန်းတော်လေးက အပြန်အလှန် စကားပြောသည့်ဟန်ဖြင့် ရေးသားလျှင် သင့်မြတ်မည်ဟု အကြံပြုပါသည်။ထို့ကြောင့် ယခင် စာအုပ်များကဲ့သို့ပင် ဆရာတော်နှင့် MAဦးဇင်းဟူသော Character တို့ကို အသုံးပြုကာ ရေးသားပါသည်။
``သိကောင်းစရာ ဓူတင်သာသနာ´´
စာအုပ်သည် နားလည်ရန်လွယ်ကူပြီး
အရှင်ဘုရားများ အတွက် ကျေးဇူးများပါက ဘုန်းတော်လေး ဦးအဘယာလင်္ကာရအား ကျေးဇူးတင်တော်မူကြပါဘုရား။
အကယ်၍ ဤစာအုပ်၌ မပြည့်စုံမှုများ၊ ချို့ယွင်းချက်များ တွေ့ရှိပါက ဘုရားတပြည့်တော်၏ တာဝန်ဖြစ်သောကြောင့် တပြည့်တော်ကို အကြံပြုပေးတော်မူကြပါဘုရား။
အရှင် ခေမာနန္ဒ
(ရန်ကင်းတောရ-သပြေပင်)
*ပြီးခဲ့သည့် ဓမ္မဝိနယပါဠိတက္ကသိုလ်၌ ကျင်းပ အောင်မြင်ခဲ့သည့် ဒသမ အကြိမ်မြောက် ဝိနည်းဆွေးနွေးပွဲ၌ ရန်ကင်းတောရဆရာတော်ကြီးကိုယ်တော်တိုင်ကြွရောက်ပြီး ယခု စာအုပ်အား အုပ်ရေ ၁၀၀
လှူဒါန်းခဲ့ပါသည်။
မိမိလည်း တစ်အုပ် အလှူခံရရှိခဲ့ပါ၏။
ဤစာတို့အား Scan ဖတ်သော software တို့ကိုပင် အသုံးမပြုပဲ လက်ဖြင့်စာရိုက်ပြီး face book စသည့် social media တို့၌ ရေးသား တင်လှူပူဇော်လိုက်ပါ၏။
ရည်ရွယ်ရွယ်ချက်ကား
1-စာအုပ်မရရှိသော ရဟန်းရှင်လူ အများအား သိရှိ၊ ရရှိစေရန် လည်းကောင်း
2-မိမိကိုယ်တိုင်လည်း စာရိုက်ရင်း စာကြေအောင်ဖတ်ဖြစ်သည့်အလေ့အထ ရစေရန်လည်းကောင်း
3-ဓူတင်သာသနာ ကို ပူဇော်ရန်အတွက်လည်းကောင်း ဖြစ်ပါသည်။
မူလ စာရေးသူ ဆရာတော်ကြီးနှင့်
သက်ဆိုင်သူတို့အား ခွင့်တောင်းဖို့ရာ
အခွင့်မသာခဲ့ပါ။
သာသနာ အတွက်ဖြစ်၍
နားလည်ခွင့်လွှတ်မည်ဟု မျှော်လင့်ပါသည်။
မိမိသူတစ်ပါး အကျိုး
ဆောင်ရွက်နိုင်ကြပါစေ
crd#အရှင်နန္ဒသိရီ
(ရေးတင် ပူဇော်သည်)
No comments:
Post a Comment