Sunday, March 19, 2023

သိ​ကောင်းစရာ ဓူတင်သာသနာ အပိုင်း (၇)

 


သိ​ကောင်းစရာ ဓူတင်သာသနာ

အပိုင်း (၇)
ဓူတင်ဆောက်တည်တော့မယ်ဆိုရင်
*************
{🙏=MA ဦးဇင်း
🏳️=ဆရာတော်}
🙏-ဓူတင်ကို သီတင်းသုံးဖော်များတောင်မသိအောင် သိုဝှက်ဆောက်တည်ရမယ်လို့ နားလည်ထားပါတယ်ဘုရား။တစ်ဖက်ကလည်း ဓူတင်ကို အဓိဋ္ဌာန်ပြီး ဆောက်တည်ရမယ်။ဆရာ့ထံပါး နည်းခံယူရမယ်လို့လည်း ဆိုထားတော့ ဘယ်ကဲ့သို့ ဓူတင်ကို ဆောက်တည်ရမလဲဆိုတာ သိပါရစေ ဘုရား။
🏳️-ဒါလည်း မေးသင့်တဲ့မေးခွန်းပါပဲ ဦးဇင်း။ဓူတင်ဆောက်တည်လိုတဲ့ရဟန်းက
မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိရင် ဘုရားထံတော်မှောက် သွားပြီး ဆောက်တည်ရပါမယ်။ဒါမှမဟုတ်ရင်
မဟာသာဝကကြီးတို့ရဲ့ရှေ့တော်မှောက်ကို သွားပြီး ဆောက်တည်ရမယ်။ဒါမှမဟုတ်ရင် ရဟန္တာ ပုဂ္ဂိုလ်ရဲ့ ရှေ့မှောက်ကိုသွားပြီးဆေက်တည်ရမယ်။ဒါမှမဟုတ်ရင် အနာဂါမ်ပုဂ္ဂိုလ်ရဲ့ရှေ့မှောက်ကို သွားပြီးဆေက်တည်ရမယ်။ဒါမှမဟုတ်ရင်သကဒါဂါမ်ပုဂ္ဂိုလ်ရဲ့ ရှေ့မှောက်ကိုသွားပြီးဆောက်တည်ရမယ်။ဒါမှမဟုတ်ရင် သောတာပန်ပုဂ္ဂိုလ်ရဲ့ ရှေ့မှောက်ကို သွားပြီး ဆောက်တည်ရမယ် ဘုရား။
🙏-အခုကာလမှာက ဘုရားလည်းမရှိတော့ပါဘုရား။မဟာသာဝကကြီးများလည်းမရှိတော့ပါဘုရား။ရဟန္တာ၊အနာဂါမ်၊သကဒါဂါမ်၊သောတာပန် တို့ကိုလည်း ဘုရားတပည့်တော် မရှာတတ်ပါ ဘုရား။ဒါဆိုရင် ဘယ်လိုဆောက်တည်ရပါမလဲ ဘုရား။
🏳️=ဒါဆိုရင် ပိဋကတ် သုံးပုံဆောင်၊နှစ်ပုံဆောင်၊တစ်ပုံဆောင်၊နိကာယ်ငါးရပ်ထဲက နိကာယ် တစ်ပါးကိုဆောင်တဲ့ ပုဂ္ဂိုလ်တို့ရဲ့ ရှေ့မှောက်မှာ ဆောက်တည်ရမယ်တဲ့ ဦးဇင်း။
🙏-ဒီမှာလည်း အခက်အခဲရှိနေသေးရင် ဘယ်လိုများ ဆောက်တည်ရမလဲ ဘုရား။
🏳️=မိမိအလေးဂရုထားပြီး လေးစားတဲ့ ဆရာသမားများရဲ့ ရှေ့မှာ ဆောက်တည်ရင်လည်း ရနိုင်တယ်လို့ နဘူးကျင်းဆရာတော်ကြီးဆုံးဖြတ်ပေးတော်မူဖူးတယ်ဦးဇင်း။
🙏-မှတ်သားပါ့မယ် ဘုရား။နောက်ထပ်ရှိသေးရင် သိချင်ပါသေးတယ်ဘုရား။
🏳️-စေတီရင်ပြင်ကို တံမြက်စည်းလှည်း၊ဆောင့်ကြောင့်ထိုင် လက်အုပ်ချီပြီးတော့
မြတ်စွာဘုရားရှင် ရှေ့တော်မှောက်မှာ ဆိုဘိသကဲ့သို့ နှုတ်ကဆိုပြီးတော့ ဆောက်တည်လို့လည်း ရပါသေးတယ် ဦးဇင်း။
🙏-မှန်ပါ။ပြီးတော့ တစ်ခုသိချင်တာက ဓူတင်ကို သိုသိုသိပ်သိပ် ဆောင်ရမယ်။ဆရာ ရှာရမယ်လို့လည်းဆိုထားပါတယ်ဘုရား။လျို့ဝှက် သိုသိပ်စွာ ကျင့်နေတဲ့ ဓူတင်ဆောင် ဆရာရှာရတာ အခက်အခဲ ရှိမယ်ထင်ပါတယ် ဘုရား။တပည့်တော် ဓူတင်ကို အမြတ်ဆုံးဥက္ကဋ္ဌကနေစပြီး ဆောက်တည်ဖို့ စဥ်းစားထားတဲ့အတွက် ဆရာရှာရမှာပါ ဘုရား။
🏳️-ဦးဇင်းရဲ့ သဒ္ဓါတရားကိုတော့ အသိအမှတ်ပြုပါတယ် ဘုရား။ဓူတင်ကို ဆိုင်းဘုတ်တပ်ပြီး ကျင့်တဲ့ ကျောင်းမျိုးကို ရှာရမှာ မဟုတ်ပါဘူး ဦးဇင်း။ရဟန်းသီလကို မြတ်နိုးတဲ့ အဝန်းအဝိုင်းမှာရှိတဲ့ သံဃာတော်များက ဓူတင်ကို ကျင့်မြဲဖြစ်ပါတယ်။ဒါ့ကြောင့် ဓူတင်ကျင့်တဲ့ ကျောင်းကိုမရှာဘဲ ရဟန်းသီလ ပြည့်စုံအောင် ဖြည့်ကျင့်လေ့ရှိတဲ့ တောရကျောင်းမျိုးကိုရှာရင် ဦးဇင်းအတွက် ဓူတင်သင်ကြားပေးမယ့် ဆရာကောင်းကို ဧကန်မုချ တွေ့မှာပါ။တစ်ဆက်တည်း ပြောပြချင်တာက ဓူတင်ကို ကိုယ်တိုင် ကျင့်သုံးတော်မူလေ့ရှိတဲ့ သီတင်းသုံးဖော်များက အရှင်ဘုရားတို့လို သဒ္ဓါပဗ္ဗဇိတရဟန်းတော်များအတွက်
မိန့်ကြားတော်မူလေ့ရှိတဲ့စကား ရှိပါတယ်။
🙏-အဲ့သည့် သြဝါဒစကားကိုလည်း နာကြားပါရစေ ဘုရား။
🏳️-ဓူတင်ကျင့်ချင်ရင် ကိုယ်တိုင် ဓူတင်ကျင့်နေတဲ့ ဆရာကို တွေ့အောင်ရှာပါ။
ပြီးတော့ `အလွယ်ဆုံးဖြစ်တဲ့ မုဒုကနေ စကျင့်တော်မူပါဘုရား´ တဲ့။
🙏-ဘာဖြစ်လို့ပါလဲ ဘုရား။
🏳️-ဒါက ရေရှည် ရဟန်းတစ်သက်ကျင့်ရမယ့် ကျင့်စဥ်ဖြစ်တဲ့အတွက် သိပ်ကြီးခက်ခဲနေရင် စိတ်ဓါတ်တွေကျပြီး `ငါလို ပါရမီ နည်းတဲ့ ရဟန်းအတွက် ဒီဓူတင် ကျင့်စဥ်က အဆင်မပြေလောက်ပါဘူး´
ဆိုပြီး ပါရမီ လွှဲချပြီးတော့ ဓူတင်ကို စွနိ့ပစ်မိတတ်တယ်။။တချို့ရဟန်းတွေမှာကျတော့ အမွန်မြတ်ဆုံး ဥက္ကဋ္ဌကနေစလိုက်တော့ ပင်ပန်းမခံနိုင်တော့လို့ ကြောက်သွားတာမျိုးလည်း ရှိတယ် ဘုရား။ဒါ့ကြောင့် မုဒုလို လွယ်ရာကနေ ကျင့်ရင်းကျင့်ရင်း တဖြည်းဖြည်း မဇ္စျိမတို့၊ဥက္ကဋ္ဌတို့ကို ရောက်နိုင်ပါတယ် ဦးဇင်း။
🙏-ဒါဆိုရင် မုဒုကနေ မဇ္စျိမတို့၊ဥက္ကဋ္ဌတို့ကို ရောက်ဖို့ လွယ်ကူတဲ့ ဓူတင်များရှိပါသလား ဘုရား။
🏳️-ရှိတယ်၊ရှိပါတယ်။ ဓူတင် ၁၃ပါးထဲက အာရညကင်ဓူတင်ဆိုရင် မဇ္စျိမတို့၊ဥက္ကဋ္ဌတို့ကို သိပ်ကြီးကြောင့်ကြမစိုက်ရဘဲ ရနိုင်တယ်လေ။ဆိုပါစို့။နွေ၊မိုး၊ဆောင်း တစ်နှစ်ပတ်လုံး တောရတဲ့ ကျောင်းမှာ သီတင်းသုံးပြီး အာရညကင်ဓူတင်ကို မပျက်အောင် ဆောင်ဖားမယ်ဆိုရင် အာရညကင်ဥက္ကဋ္ဌဓူတင်ဆောင် ဂုဏ်ရည်ကို ရတယ်လေ ဦးဇင်း။
🙏-မှန်ပါ။မှတ်သားလိုက်နာပါ့မယ် ဘုရား။
🏳️-ဒီအာရညကင်ဓူတင်ကို ဥတုနဲ့ပိုင်းခြားရတယ် ဦးဇင်း။ဆိုကြပါစို့ ဝါဆိုလပြည့်ကျော် ၁ရက်ကနေ တန်ဆောင်မုန်းလပြည့်အထိ မိုးဥတုနော်။
🙏-မှတ်မိပါပြီ ဘုရား။
🏳️-တန်ဆောင်မုန်း လပြည့်ကျော်တစ်ရက်ကနေ တပေါင်းလပြည့်နေ့အထိ နွေဥတု ယူရမယ် ဦးဇင်း။အာရညကင်ဓူတင် ဆောင်မယ့်ရဟန်းက ဥတုတစ်ခုခုကို မှီရမယ် ဘုရား။ဥပမာ ပြောရရင် မိုးတစ်ဥတုကို အာရညကင် ဓူတင်ဆောင်မယ်ဆိုရင် ဝါဆို လပြည့်ကျော် တစ်ရက်ကနေစမယ် ဦးဇင်း။
🙏-အာရညကင်ဓူတင်ရဲ့ ဥတုယူဆပုံက ဝါဆိုတာနဲ့ တူတူယူရတာပါလား ဘုရား။
🏳️-ဝါဆို လပြည့်ကျော် တစ်ရက်ကစမယ်ဆိုတာတော့ တူတယ်ဦးဇင်း။သီတင်းကျွတ်လပြည့်ရင် ဝါကျွတ်သော်လည်းအာရညကင်ယူထားတဲ့ကာလက တန်ဆောင်မုန်းလပြည့်အထိယူရတယ်။ဒါမှ မိုးဥတုလေးလ အာရညကင်ဓူတင်ရတယ်။
🙏-ဒါ့ကြောင့် သီတင်းကျွတ်သော်လည်း တောဝါက မကျွတ်သေးဘူး ဆိုလိုတာပါလား ဘုရား။
🏳️-ဟုတ်တယ်။တောဝါက တန်ဆောင်မုန်းလပြည့်မှ ကျွတ်တယ်။လေးလအပြည့် ယူရတယ်။ဒါ့ကြောင့် အာရညကင်ဓူတင်ဆောင်တော်မူတဲ့ မထေရ်မြတ်များက တောရတဲ့နေရာမဟုတ်ရင် တစ်နေ့တစ်ရက်မှ သီတင်းမသုံးလိုကြဘူး။
🙏-ဘာကြောင့်ပါလဲ ဘုရား။
🏳️-အာရညကင်ဓူတင် တစ်ရက်၊တစ်မနက်မှ မပျက်ချင်ကြလို့ပါ။
🙏-မှတ်သား လိုက်နာပါ့မယ်ဘုရား။
🏳️-ဒါ့ကြောင့် မိုးတစ်ဥတုကို အာရညကင်ဓူတင် ဆောင်မယ်ဆိုရင် ဝါဆိုလပြည့်ကနေစရမယ်။နွေတစ်ဥတုဆိုရင်လည်း တပေါင်းလပြည့်ကနေ စရပါမယ်။ကြားထဲမှ တစ်နေ့ တစ်မနက်မှ မပျက်အောင် ကျင့်ရပါတယ်။
🙏-မှန်လှပါဘုရား။ဓူတင်ကကျင့်ရတာ ခက်ခဲလွန်းတဲ့အတွက် ငယ်တုန်းအခါမှာပဲ ကျင့်တာ ကောင်းမယ်ထင်ပါတယ် ဘုရား။
🏳️-အဲသလို ပုံသေမှတ်လို့တော့မရပါဘူး။သို့သော် တချို့ဓူတင်ကတော့ အသက်ကြီးလာရင် အခက်အခဲ နည်းနည်း ရှိလာတတ်တယ်လို့ နဘူးကျင်းဆရာတော်ကြီး မိန့်တော်မူဖူးတယ်ဘုရား။
🙏-ဘယ်ဓူတင်များလဲ ဘုရား။
🏳️-ဆရာတော်ကြီးက `နိဿဇ္ဇိဓူတင်လိုမျိုးက မကျန်းမာရင် ဆောင်လို့မလွယ်ဘူး။ဒါ့ကြောင့် အရွယ်ငယ်တုန်း၊ကျန်းမာတုန်း၊သဒ္ဓါတရားလည်း ထက်သန်နေတုန်း လုပ်နိုင်သလောက် လုပ်ထားတာကောင်းတယ်´ လို့ မိန့်တော်မူဖူးတယ် ဦးဇင်း။
🙏-မှတ်သားလိုက်နာပါ့မယ် ဘုရား။တပြည့်တော် ဓူတင်ကို စနစ်တကျ ဆောက်တည်နိုင်ဖို့ ဘယ်သာတွေ ဖတ်ရ ကောင်းမလဲ ဘုရား။
🏳️-ဒါကစာဖတ်ရုံနဲ့တော့ မလုံလောက်ဘူး ဦးဇင်း။တကယ် ဓူတင်ဆောင် သံဃာတော်များရှိတဲ့ တောရကျောင်းမှာ
သီတင်းသုံးပြီး နည်းယူသင့်ပါတယ်။တချို့ ဓူတင် အဆုံးအဖြတ်တွေက သိမ်မွေ့တယ်။စာဖတ်ရုံနဲ့ ကွဲကွဲပြားပြား မဖြစ်ချင်ဘူး။ဒါ့ကြောင့် ဝိသုဒ္ဓိမဂ်ကိုလည်းဖတ်ထားပါ။ပြီးတော့ ဓူတင်ဆောင် ထေရ်ရှင်များရဲ့ အကြောင်း ရေးထားတဲ့ စာတွေကိုလည်း လေ့လာပါ။တကယ်ကျင့်နေတဲ့ဆရာတော်များကို ရှာဖွေပြီး နည်းခံပါ။ဓူတင်မှာ အာစရိယဝါဒကိုလည်ူ လျစ်လျူရှုလို့ မရပါဘူး ဦးဇင်း။
🙏-မှန်ပါ ဘုရား။အခုလိုသိရလို့ ကျေးဇူးတင်ပါတယ် ဘုရား။
အရှင်ခေမာနန္ဒ
(ရန်ကင်းတောရ သပြေပင်)
*ပြီးခဲ့သည့် ဓမ္မဝိနယပါဠိတက္ကသိုလ်၌ ကျင်းပ အောင်မြင်ခဲ့သည့် ဒသမ အကြိမ်မြောက် ဝိနည်းဆွေးနွေးပွဲ၌ ရန်ကင်းတောရဆရာတော်ကြီးကိုယ်တော်တိုင်ကြွရောက်ပြီး ယခု စာအုပ်အား အုပ်ရေ ၁၀၀
လှူဒါန်းခဲ့ပါသည်။
မိမိလည်း တစ်အုပ် အလှူခံရရှိခဲ့ပါ၏။
ဤစာတို့အား Scan ဖတ်သော software တို့ကိုပင် အသုံးမပြုပဲ လက်ဖြင့်စာရိုက်ပြီး face book စသည့် social media တို့၌ ရေးသား တင်လှူပူဇော်လိုက်ပါ၏။
ရည်ရွယ်ချက်ကား
1-စာအုပ်မရရှိသော ရဟန်းရှင်လူ အများအား သိရှိ၊ ရရှိစေရန် လည်းကောင်း
2-မိမိကိုယ်တိုင်လည်း စာရိုက်ရင်း စာကြေအောင်ဖတ်ဖြစ်သည့်အလေ့အထ ရစေရန်လည်းကောင်း
3-ဓူတင်သာသနာ ကို ပူဇော်ရန်အတွက်လည်းကောင်း ဖြစ်ပါသည်။
မူလ စာရေးသူ ဆရာတော်ကြီးနှင့်
သက်ဆိုင်သူတို့အား ခွင့်တောင်းဖို့ရာ
အခွင့်မသာခဲ့ပါ။
သာသနာ အတွက်ဖြစ်၍
နားလည်ခွင့်လွှတ်မည်ဟု မျှော်လင့်ပါသည်။
မိမိသူတစ်ပါး အကျိုး
ဆောင်ရွက်နိုင်ကြပါစေ
crd#အရှင်နန္ဒသိရီ
(ရေးတင် ပူဇော်သည်)
May be a cartoon of text
All reactions:
10

No comments:

Post a Comment

                                                                                                                                            ...