Sunday, March 19, 2023

သိကောင်းစရာ ဓူတင်သာသနာ အပိုင်း (၈)

 


သိကောင်းစရာ ဓူတင်သာသနာ

အပိုင်း (၈)
ဝိနည်း၊ဓူတင်၊နိဿဂ္ဂိ
*************
{🙏=MA ဦးဇင်း
🏳️=ဆရာတော်}
🙏-ငွေကြေးကို တချို့ကလည်း `နဝကမ္မ´
လှူတယ်လို့ ပြောကြတယ်။တချို့ကလည်း `နဝကမ္မအလှူငွေ´ လို့လည်း ပြောကြတယ်။တချို့က `နဝကမ္မ´အတွက်ပါ´ ဘုရားလို့လည်း လျှောက်ကြတယ်။ဒီအသုံးအနှုန်းတွေ ပြည့်စုံပါသလား ဘုရား။
🏳️-စေတီတော်အတွက်လှူရင် `စေတိ ယဿ ဒေမ´ လို့ စာကပြပါတယ်။
ကျောင်းအတွက်လှူရင် `ဝိဟာရဿ ဒေမ´ပေါ့ဦးဇင်း။ အသစ်ဆောင်ရွက်စရာ အမှုကိစ္စအတွက် လှူဒါန်းတာကို `နဝကမ္မဿ ဒေမ´ လို့ခေါ်နိုင်ပါတယ် ဦးဇင်း။
`နဝ´ အသစ်ဖြစ်လာတဲ့+`ကမ္မ´ အမှုကိစ္စတွေလို့ အဓိပ္ပါယ်ယူရင် ရပါတယ်။အမှုသစ်၊အလုပ်သစ်တွေပါ ဦးဇင်း။
🙏-`နဝကမ္မ´ လှူတယ်ဆိုရင် ရပါသလားဘုရား။
🏳️-`နဝကမ္မ ဒေမ´ `နဝကမ္မအားလှူပါ၏´
ဆိုတော့ အလုပ်အသစ်၊အမှုအသစ်အတွက်လှူတာ။အလှူခံက အမှုသစ်ပဲဖြစ်နေပါတယ်။ဒါ့ကြောင့် ရဟန်းတော်အတွက် ငွေလှူတာ မဟုတ်ဘူးလို့ နားလည်ရပါမယ်။ဒီနေရာမှာ အရေးကြီးတာက အနာမာဝတ္ထုနဲ့ပတ်သတ်လို့ လျှောက်ထားတာ၊စီမံခန့်ခွဲတာမှာ ကပ္ပိယက လိမ်လိမ်မာမာ ရှိရပါမယ်။
🙏-ကပ္ပိယက ဘယ်လိုများ လိမ္မာရတာပါလဲ ဘုရား။
🏳️-သူက ရဟန်းဝိနည်းပိုင်းနားလည်လေ ရဟန်းချမ်းသာလေ ဖြစ်ပါတယ်။
ဒါ့ကြောင့် ကပ္ပိယလိမ်မာလေပေါ့ဦးဇင်း။ကပ္ပိယက `ဘုရား တပည့်တော်ဆီမှာ တစ်သောင်းကျပ် ရှိပါတယ် ဘုရား။အရှင်ဘုရား အလိုရှိတဲ့အခါမှာ တစ်သောင်းကျပ်ကနေ ဖြစ်ပေါ်လာတဲ့ ပစ္စည်းလေးပါးကို အလှူခံတော်မူပါ ဘုရား´။`ကပ္ပိယညွှန်းတော်မူပါ ဘုရား´၊
`လုံခြုံရာ အရပ်ညွှန်းတော်မူပါ ဘုရား´
လို့လျှောက်ရတယ်။
🙏-ငွေကို အလှူခံဖို့ မလျှောက်ရဘဲ ပစ္စည်းအလှူခံဖို့ လျှောက်ရတာမှတ်မိပါပြီ ဘုရား။
🏳️-ဟုတ်တယ်။အရေးကြီးတဲ့ စကားတစ်လုံးက `တစ်သောင်းကျပ်ကနေ ဖြစ်ပေါ်လာတဲ့ ပစ္စည်း´ လို့လျှောက်ရတယ်။ဆိုလိုတာက ဒီတစ်သောင်းနဲ့တန်ဖိုးညီတဲ့
ပစ္စည်းတွေကို ဆိုလိုတာ။`တန်ဖိုး´လို့ဆိုကတည်းကငွေစက္ကူမယုတ်တော့ဘူး။
ပစ္စည်းဖြစ်သွားတယ်နော် ဦးဇင်း။
🙏-တပည့်တော် သေသေချာချာမှတ်သားလိုက်နာပါ့မယ်ဘုရား။
🏳️-မထိကောင်း၊မကိုင်ကောင်း၊မသုံးသပ်ကောင်းတဲ့ အနာမာသငွေကြေးနဲ့ပတ်သတ်ပြီး ဝိနည်းမှာ တားမြစ်ချက်သုံးပိုင်းရှိတယ်။ပထမဦးဆုံး ဥဂ္ဂဏှေယျ= ကိုယ်တိုင် အလှူခံယူတာကို တားမြစ်တယ်။ဒုတိယ ဥဂ္ဂဏှာပေယျ= ကျောင်းသားကပ္ပိယစသူတွေကို အလှူခံခိုင်းတာလည်း တားမြစ်တယ်။နောက်ဆုံးတစ်ခုက သာဒိယေယျ=အနား၌ မှာချထားတာကို မတားမြစ်ဘဲ သဘောကျသာယာပြီး လက်ခံတာကိုလည်း တားမြစ်ပါတယ် ဦးဇင်း။ဒါ့ကြောင့် တစ်စုံတစ်ယောက်က `အရှင်ဘုရားမှာ ကပ္ပိယရှိသလား´ လို့မေးလာရင် `ဒီဒကာကြီး ကပ္ပိယပါ´ လို့ ပြောပြခွင့် ရှိတယ် ဘုရား။
🙏-`ဒီကပ္ပိယကြီးကို ပေးလိုက်´ လို့ပြောရင် ရနိုင်ပါသလား ဘုရား။
🏳️-ဘယ်ရမလဲ ဦးဇင်း။မရဘူး။မရဘူးနော်။
`ဒီကပ္ပိယ ဒကာကြီးကို ပေးခဲ့လိုက်ပါ´လို့တော့ လုံးဝ မစီမံကောင်းတော့ဘူး။ဒါကို သတိပြုရမယ်နော်။ဒါ့ကြောင့် ကပ္ပိယ ဝေါဟာရနဲ့ အပ်အပ်စပ်စပ် လျှောင်ထားတတ်အောင် ကပ္ပိယက ရဟန်းဝိနည်းတတ်သိဖို့လိုတယ်။သူ့ကို သင်ကြားပေးရမယ်။လေ့ကျင့်ပေးရမယ်။သာသနာ့ယဥ်ကျေးမှုကို သူနားလည်မှဖြစ်မယ်။
🙏-မှန်ပါ။မှတ်သားထားပါ့မယ် ဘုရား။ဒါဆိုရင် ရဟန်းဝိနည်း မစောင့်ထိန်းပဲနဲ့ ဓူတင်ဆောင် ရဟန်းကောင်း မဖြစ်နိုင်ဘူးလို့ ထင်ပါတယ် ဘုရား။
🏳️-ဦးဇင် ဓူတင်ဆောင်လို့ ဝိနည်းမပျက်ကဘူး။ဝိနည်းပျက်ရင်တော့ ဓူတင်ပါပျက်တယ်နော်။ဒါ့ကြောင့် အဋ္ဌကထာ ဆရာတော်များက `ဝိနယော နာမ သာသနဿ အာယု၊ဝိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ´ တဲ့ အဓိပ္ပါယ်က
`ဝိနည်းဟာ သာသနာတော်ရဲ့ အသက်ဖြစ်တယ်။ဝိနည်းတည်မှ သာသနာတည်မယ်´ ဘုရား။
အရှင်ခေမာနန္ဒ
(ရန်ကင်းတောရ သပြေပင်)
-ဆက်လက်ရေးပါဦးမည်
*ပြီးခဲ့သည့် ဓမ္မဝိနယပါဠိတက္ကသိုလ်၌ ကျင်းပ အောင်မြင်ခဲ့သည့် ဒသမ အကြိမ်မြောက် ဝိနည်းဆွေးနွေးပွဲ၌ ရန်ကင်းတောရဆရာတော်ကြီးကိုယ်တော်တိုင်ကြွရောက်ပြီး ယခု စာအုပ်အား အုပ်ရေ ၁၀၀
လှူဒါန်းခဲ့ပါသည်။
မိမိလည်း တစ်အုပ် အလှူခံရရှိခဲ့ပါ၏။
ဤစာတို့အား Scan ဖတ်သော software တို့ကိုပင် အသုံးမပြုပဲ လက်ဖြင့်စာရိုက်ပြီး face book စသည့် social media တို့၌ ရေးသား တင်လှူပူဇော်လိုက်ပါ၏။
ရည်ရွယ်ချက်ကား
1-စာအုပ်မရရှိသော ရဟန်းရှင်လူ အများအား သိရှိ၊ ရရှိစေရန် လည်းကောင်း
2-မိမိကိုယ်တိုင်လည်း စာရိုက်ရင်း စာကြေအောင်ဖတ်ဖြစ်သည့်အလေ့အထ ရစေရန်လည်းကောင်း
3-ဓူတင်သာသနာ ကို ပူဇော်ရန်အတွက်လည်းကောင်း ဖြစ်ပါသည်။
မူလ စာရေးသူ ဆရာတော်ကြီးနှင့်
သက်ဆိုင်သူတို့အား ခွင့်တောင်းဖို့ရာ
အခွင့်မသာခဲ့ပါ။
သာသနာ အတွက်ဖြစ်၍
နားလည်ခွင့်လွှတ်မည်ဟု မျှော်လင့်ပါသည်။
မိမိသူတစ်ပါး အကျိုး
ဆောင်ရွက်နိုင်ကြပါစေ
crd#အရှင်နန္ဒသိရီ
(ရေးတင် ပူဇော်သည်)

No comments:

Post a Comment

                                                                                                                                            ...