
-တပည့်တော် စဉ်းစားနေတာတစ်ခု ရှိတယ်ဘုရား။ ဘဏ်စာရင်းဖွင့်ထားတာ ဝိနည်းအရ အပ်စပ်ပါသလားဘုရား။

-မေးတာက မရှင်းဘူး။ ဘဏ်စာရင်းကို ရဟန်းကဖွင့်တာလား။ ကပ္ပိယက ဖွင့်တာလားဦးဇင်း။

-ရဟန်းက ဖွင့်သည်ဖြစ်စေ၊ ကပ္ပိယက ဖွင့်သည်ဖြစ်စေ ရပါသလားဘုရား။ ။

-ကပ္ပိယက ဘဏ်စာရင်းပဲဖွင့်ဖွင့်၊ Kpay, Wave money တွေထဲကနေ ငွေ ထုတ်သုံးသုံး၊ တယ်လီဖုန်းနဲ့ ငွေလွှဲပြီး Online shopping ကနေ ဈေးဝယ်ဝယ် ဘာအပြစ်မှ မဖြစ်ပါဘူးဦးဇင်း။

- တပည့်တော် သိချင်တာက ကပ္ပိယရဲ့ငွေ မဟုတ်ပါဘုရား။ ရဟန်းတစ်ပါး အတွက်ဒကာ၊ ဒကာမတွေက အပ်စပ်အောင် ဝိနည်းလမ်းကြောင်းအတိုင်း လှူဒါန်းထားတဲ့ ဝတ္ထုငွေတွေကို ဘဏ်စာရင်း ဖွင့်ထားမယ်ဆိုရင် အပြစ်ရှိပါ သလား။

- ကောင်းပါပြီ။ ပြောပြမယ်နော်။ အလှူရှင်ဦးသူတော်က ဂိလာနရဟန်း ဦးဝဏ္ဏိတကို ဆေးကုသဖို့ ဆေးဖိုးလှူချင်တယ်။ ဒါကြောင့် ဦးဝဏ္ဏိတ ရှေ့ကိုသွားပြီး “ကပ္ပိယ ညွှန်းတော်မူပါဘုရား၊ လုံခြုံရာအရပ် ညွှန်းတော် မူပါဘုရား” လို့ လျှောက်ထားလာတဲ့အခါမှာ ဘုန်းကြီးအနားမှာ ကပ္ပိယ မရှိတဲ့အတွက် ကပ္ပိယရဲ့ ဘဏ်စာရင်း Bank account ကို လုံခြုံရာအရပ် ဂုတ္တဋ္ဌာန A safe place အဖြစ် နှလုံးသွင်းပြီး ညွှန်ပြကောင်းပါတယ်။

-ဦးသူတော်က Online ကနေ ဘဏ်စာရင်းထဲ နဝကမ္မ ထည့်လှူဒါန်းပြီးရင် ဘုန်းကြီးက ကပ္ပိယဆီကနေ အလှူခံလို့ ရပြီလားဘုရာ။

-မရသေးဘူး ဦးဇင်း။ လုံးဝ မရသေးပါဘူး။ မရဘူးနော်။

-ဒါဆိုရင် ဦးသူတော်အလှူငွေ ကပ္ပိယဘဏ်စာရင်းထဲ ရောက်သွားပြီးတဲ့ နောက် လိုအပ်တဲ့ဆေးကို ဘယ်တော့ကျမှ အလှူခံရမှာပါလဲ ဘုရား။

-ဒါအလွန်မေးကောင်းတဲ့ မေးခွန်းပါ
ဦးဇင်း။ ဒီနေရာမှာ အရေးကြီးဆုံးက ကပ္ပိယ မလျှောက်ရသေးဘူးလေ။ ကပ္ပိယက သူ့ရဲ့ဘဏ်စာရင်းကို စစ်ဆေး ပြီး ကျောင်းရောက်တဲ့အခါမှာ “ဒါယကာ ဦးသူတော်က အရှင်ဘုရား ဆေး ကုသဖို့အတွက် လှူဒါန်းခဲ့တဲ့ အပ်စပ်ဝတ္ထု တစ်သိန်းကျပ် ဘဏ်စာရင်းထဲမှာ ရှိပါတယ်။ အရှင်ဘုရား အလိုရှိတဲ့အခါ တစ်သိန်းတန်ဆေးဝါးပစ္စည်းများ တပည့်တော်ထံမှ အလှူခံတော်မူပါဘုရား”လို့ လျှောက်ထားရင် အပြစ်မရှိတော့ပါဘူး။ ဝိနည်းအရ လာရာလမ်းကြောင်း စင်ကြယ်ပြီး အာဂမနသုဒ္ဓိ ဖြစ်တဲ့အတွက် သင့်မြတ်ပါပြီ။ ဆေးလိုတဲ့အခါမှာ၊ ဆေးခန်းသွားဖို့ အကြောင်း ရှိလာတဲ့အခါမှာ ကပ္ပိယကို အသိပေးပြီး ဆောင်ရွက်လို့ ရပြီဦးဇင်း။

- မှတ်သားထားပါ့မယ်ဘုရား။ ဆေးဆိုင်က ဆေးကို Online ကနေမှာပြီး ဘဏ် ထဲကငွေကို ဖုန်းနဲ့ Online ကနေ ငွေပေးချေမယ်ဆိုရင်လည်း အပ်စပ်ပါသလားဘုရား။

-ဘုန်းကြီးဆေးလိုအပ်တဲ့အခါမှာ ကပ္ပိယက ဆေးဆိုင်ကို သွားဝယ်သည် ဖြစ်စေ၊ Online ကနေ မှာသည်ဖြစ်စေ၊ Online ကနေ ပေးချေသည်ဖြစ်စေ ကပ္ပိယ လုပ်သမျှ အကုန်လုံး အပ်စပ်ပါတယ်။ အပြစ်မရှိဘူး။ ကပ္ပိယကလုပ်မှ နော် ဦးဇင်း။ ကပ္ပိယကဝယ်မှနော်ဦးဇင်း။ ကပ္ပိယက ဆောင်ရွက်မှနော်။ ဘုန်းကြီး ဝယ်တာမဟုတ်ဘူးနော်။ သတိပြုဦးနော် ဦးဇင်း။

-မှန်ပါဘုရား။ အခုလိုကိစ္စမှာ ဘုန်းကြီးက ဘယ်အထိသာ ပါဝင်ခွင့်ရှိတာ ပါလဲဘုရား။

-ဘုန်းကြီးက သူဘာဆေးလိုအပ်တယ်လို့ ကပ္ပိယကို ပြောခွင့်ရှိတယ်။ ဆေးရုံ၊ ဆေးခန်းသွားချင်တယ်လို့ ပြောခွင့်ရှိပါတယ်။

-ကပ္ပိယနှင့် ဘဏ်စာရင်းကိစ္စကို တပည့်တော် နားလည်ပါပြီဘုရား။ ကျေးဇူး တင်ပါတယ်ဘုရား။ အခုလို တိုးတက်လာနေတဲ့ နည်းစနစ်တွေနဲ့ နည်းပညာ ဆိုင်ရာ ပစ္စည်းတွေသုံးပြီး ဝိနည်းမှာ သံသယဖြစ်စရာတွေ အနာဂတ်မှာ
အများကြီး ရှိလာဦးမယ်လို့ တပည့်တော် ထင်မိပါတယ်ဘုရား။

-ဟုတ်တယ်။ သူတော်ကောင်းကြီးများက သာသနာတော်ရဲ့ ဒီအခြေအနေကို အစောကတည်းက မြင်တော်မူခဲ့ကြတယ် ဦးဇင်း။ ဒါကြောင့် အဂ္ဂမဟာ ပဏ္ဍိတ ကျေးဇူးရှင် မြောင်းမြတိုက်သစ် ပဇ္ဇောတာရုံဆရာတော်ကြီးက “လူတို့နှင့် သက်ဆိုင်သော ရဟန်းဝိနည်း” စာအုပ်ရဲ့အမှာစာထဲမှာ အလွန် မှတ်သား စရာကောင်းတဲ့ စကားကို ဩဝါဒ ပြုတော်မူဖူးတယ်။

-ဆရာတော်ကြီးရဲ့ ဩဝါဒစကားကို တပည့်တော်လည်း နာယူမှတ်သားပါ
ရစေ ဘုရား။

-ကောင်းပါပြီ။ ပြောပြပါမယ်။ ဆရာတော်ကြီးက “သာသနာတော်ရဲ့ အခြေ အနေဟာ အတော်ပင် ရင်လေးစရာ ဖြစ်နေပါပြီ။ ဓမ္မစက်ကို ဓမ္မစက်မှန်း မသိကြတော့ဘူး။ သိသော်လည်း အလေးဂရုမပြုကြတော့တဲ့ အခြေအနေ ရောက်နေပါပြီ။ ဝိနည်းကို တပည့်တော်တို့ မမွေးမီ ရှေးတစ်ခေတ်က လေးစားတော်မူခဲ့ကြတဲ့ မထေရ်မြတ်တို့၏ စိတ်ဓာတ်တိုးတက်မှု တည်ငြိမ်မှုရင့်ကျက်မှု အခြေအနေတွေကို ယခုခေတ်ရဲ့ ရုပ်ဓာတ် တိုးတက်မှုတို့က ဝါးမျို ဖျက်ဆီးနေတာကို တွေ့မြင်နေကြရပါတယ်။ အတော် တောင့်ထား နိုင်မှ တော်ကာကျပါမည်”တဲ့ ဦးဇင်း။

-ရှေ့ဆက်အနာဂတ်ကာလမှာ တိုးတက်လာလတ္တံ့သော ရုပ်ဝတ္ထုပစ္စည်းအသစ် နည်းပညာအဆန်းတွေက ရဟန်းတော်များရဲ့ ဝိနည်းဆိုင်ရာမှာ ဘယ်မျှအထိ အနှောင့်အယှက် အခက်အခဲဖြစ်စေမလဲ မသိဘူးဘုရား။

-မှန်းဆလို့ မရတော့ပါဘူးဘုရား။ မသေခင် စိတ်မချမ်းမြေ့စရာတွေ အများ ကြီး မြင်ရ၊ ကြားရ၊ ကြုံရဦးမယ် ထင်ပါတယ် ဦးဇင်းရယ်။
No comments:
Post a Comment