Sunday, March 19, 2023

သိကောင်းစရာဓူတင်သာသနာ အပိုင်း (၁၁)

 


သိကောင်းစရာဓူတင်သာသနာ

အပိုင်း (၁၁)
ဖျာကြမ်းအောက်က လုံခြုံရာ ဂုတ္တဌာနအရပ်ပါ
*************
{🙏=MA ဦးဇင်း
🏳️=ဆရာတော်}
🙏-ဝိနည်းက သာသနာတော်အသက်ဆိုတာ ဘုရားတပည့်တော် ပို၍ပို၍ နားလည်လာပါပြီဘုရား။ ဓူတင်နှင့် ဝိနည်းက ခွဲမရအောင် တွဲနေတာကို လည်း သိပါပြီဘုရား။
🏳️-ဒါကြောင့် အလွန်သိမ်မွေ့တဲ့အတွက် ကပ္ပိယလည်း ဝိနည်းပိုင်းမှာ လိမ္မာ
ပါးနပ်ရမယ်။ ရဟန်းကလည်း ဝိနည်းကို သေသေချာချာ နားလည်ရမယ်။ ဘုန်းကြီး သံသယကြီးလွန်းနေပြီး ကပ္ပိယကို မယုံကြည်ရင်လည်း မဖြစ်ဘူး။ ကပ္ပိယက ဖောက်ပြန်ပြီး ငွေတွေလိမ်ယူသွားရင်လည်း မဖြစ်ပြန်ဘူး။ ကပ္ပိယ ပေါ်ကိုလည်း ယုံကြည်မှု ပြည့်ဝရမယ်။ ပြီးတော့ ကပ္ပိယက ဝိနည်းသီလ စောင့်ရှောက်တော်မူတဲ့ သံဃာတော်များရဲ့ ဘဝနှင့် အခက်အခဲကို နားလည် သဘောပေါက်ပြီး သာသနာတော် ချစ်မြတ်နိုးတဲ့စိတ်နဲ့ သစ္စာရှိဖို့လည်း အလွန်ကို အရေးကြီးပါတယ် ဦးဇင်း။
🙏- မှန်ပါဘုရား။ ငွေကိုမကိုင်ဘဲ ကပ္ပိယနဲ့ အပ်စပ်အောင်စီမံပြီး သာသနာ ပြုတော်မူနေတဲ့ ဆရာတော်များမှာ လူတွေနားမလည်နိုင်လောက်အောင်ကို သိမ်မွေ့တဲ့ အခက်အခဲကို ဘုရားတပည့်တော် အခု သဘောပေါက်လာပါပြီ ဘုရား။
🏳️- သာဓုပါဗျာ။
🙏-တပည့်တော် အခုသိချင်တာလေးတစ်ခု ရှိသေးတယ်ဘုရား။ မေးခွင့်ရရင် မေးလျှောက်ချင်ပါတယ်။ တပည့်တော် ဓူတင်ဆောင်တဲ့အခါမှာ စင်ကြယ်တဲ့ ရဟန်း ဖြစ်ချင်လို့ပါဘုရား။
🏳️- စကားပလ္လင် ရှည်လျားပုံထောက်ရင် အနာမာသငွေကြေးကိစ္စပဲ ဖြစ်မယ် ထင်တယ်။
🙏-မှန်လှပါဘုရား။ အကယ်၍ တပည့်တော် တောမှာတစ်ပါးတည်း သီတင်း သုံးနေတဲ့အခါမှာ သင်္ကန်းကဆွေးမြေ့နေလို့ ဖာထေးပြီး သုံးနေရပါတယ်။ သင်္ကန်းတစ်စုံ လိုအပ်နေပါတယ်ဘုရား။ အဲသလိုကာလမှာ ဆွမ်းခံလမ်း ပေါ်မှာ ဒါယကာတစ်ယောက်က ကားပေါ်ကဆင်းလာပြီး ကျောင်းကို လိုက် လာတယ်။ တပည့်တော်မှာ သင်္ကန်းဝယ်လှူဖို့ အချိန်မရှိတော့တဲ့အတွက် သင်္ကန်းဖိုး ငါးသောင်းကို လုံခြုံရာအရပ် ညွှန်းဖို့လျှောက်ပါတယ်။ တပည့် တော်က ခေါင်းရင်းက ဖျာကြမ်းအောက်က လုံခြုံတယ်လို့ ညွှန်လိုက်ပါတယ်။ အပ်စပ်ပါမလားဘုရား။
🏳️- ရပါတယ်။ အပ်စပ်ပါတယ်။
🙏- ကံအားလျှော်စွာ သင်္ကန်းရောင်းတဲ့ ဒကာနှစ်ယောက်ကလည်း အဲဒီနေ့ ညနေပိုင်းရောက်လာလို့ သင်္ကန်းပြကြတယ်။ သင်္ကန်းတန်ဖိုးက သုံးသောင်း ကျပ်တန်တယ်လို့ ပြောပါတယ်ဘုရား။ တပည့်တော်က အနားမှာ ကပ္ပိယ မရှိသေးတဲ့အတွက် “ကပ္ပိယတော့မရှိဘူး၊ သင်္ကန်းဖိုးတော့ ဖျာအောက်မှာ ရှိတယ်”လို့ ပြောလိုက်တဲ့အခါမှာ သူကဖျာအောက်က ဝတ္ထုငါးသောင်း အားလုံးယူပြီး သင်္ကန်းထားခဲ့မယ် လုပ်ခဲ့ရင် တပည့်တော်မှာ ဘာမှပြောပိုင်ခွင့် မရှိတော့ဘူးလားဆိုတာ သိချင်ပါတယ်ဘုရား။
🏳️-ဒီဖြစ်စဉ်မျိုး အဋ္ဌကထာမှာ တိုက်ရိုက်ဖွင့်ထားတာ တစ်ခုရှိတယ်
ဦးဇင်း။
🙏-သိပါရစေဘုရား။ ဒါယကာလှူဒါန်းထားတဲ့ အပ်စပ်ဝတ္ထုကို အခုလို မတရား ယူသွားရင် ဘာလုပ်ရသလဲဆိုတာ သိချင်တာပါဘုရား။
🏳️-ကောင်းပါပြီ။ အဋ္ဌကထာအဖွင့်ကို ကြည့်ရအောင်နော် “အကယ်၍ သပိတ် ရောင်းသူဖြစ်စေ၊ သင်္ကန်းရောင်းသူဖြစ်စေ လာပြီး “အရှင်ဘုရား ဤဟာကို ယူကြပါ’ ဟု ဆိုသော် “ဒကာ ငါတို့မှာ ဤဟာဖြင့် အလိုရှိ၏၊ ဝတ္ထုကလည်း ဤသို့ စီရင်ထား၏။ ကပ္ပိယကားမရှိ' ဟု ဆိုထိုက်၏။ အကယ်၍ ရောင်းသူက “တပည့်တော် ကပ္ပိယလုပ်ပါမည်၊ တံခါးကိုဖွင့်၍ပေးကြပါ”ဟု ဆိုအံ့၊ တံခါးကို ဖွင့်၍ ‘ဤအရပ်၌ ထား၏”ဟု ဆိုထိုက်၏။ ‘ဤဟာကိုယူ'ဟု မဆိုကောင်း။ ထိုဒကာသည် ထိုငွေကိုယူ၍ ထိုအပ်သော ဘဏ္ဍာကို ပေးအံ့ အပ်၏။ အကယ် ၍ ငွေကို တန်ဖိုးထက်ပို၍ယူအံ့ ‘ငါတို့သည် သင့်ဘဏ္ဍာကို မယူကုန်၊ ထွက်လော့' ဟု ရဟန်းက ဆိုထိုက်၏” တဲ့ ဦးဇင်း။ 🙏-တပည့်တော် နားလည်သလိုလိုတော့ ရှိတယ်။ သိပ်ပြီးတော့ မရှင်းလှဘူးဘုရား။
🏳️- ဆိုပါစို့။ ကျောင်းပေါ်ကိုတက်ပြီး “ဒီနေရာ လုံခြုံတယ်' လို့ ဒါယကာကို ပြောလို့ရတယ်။ သို့သော် “ဒီနေရာမှာ ထားခဲ့ပါ’လို့တော့ မပြောရဘူးဆိုတာ မှတ်မိသေးသလား ဦးဇင်း။
🙏- မှတ်မိပါတယ်ဘုရား။
🏳️-အခုလည်း ဖျာကြမ်းအောက်က လုံခြုံရာ ဂုတ္တဋ္ဌာနအရပ်ပေါ့ ဦးဇင်း။” သင်္ကန် သည်က ဖျာအောက်ကနေ တန်ဖိုးထက်များတဲ့ ဝတ္ထုကိုယူဆောင်ရင် ‘မယူနဲ့ ထားခဲ့” တို့ “တန်ရာတန်ကြေးပဲယူ” လို့တော့ ပြောခွင့် မရှိဘူး။
🙏-တပည့်တော်တို့မှာ ပြောခွင့် ဘာများရှိပါသေးသလဲဘုရား။
🏳️- ရှိတယ် ဦးဇင်း။ ရှိတယ်လေ။ ခုနစာမှာပြထားပြီးသားလေ သင်္ကန်းသည် ဒကာက ငွေကိုယူပြီး သင်္ကန်းကို ပေးမယ်ဆိုရင် အပ်တယ်။ အကယ်၍ ငွေကို တန်ဖိုးထက်ပိုပြီး ယူရင် “ငါတို့သည် သင့်ဘဏ္ဍာကို မယူကုန်။ ထွက်လော့ လို့ ပြောလို့ရတယ်လေ ဦးဇင်း။
အခုမှ သဘောပေါက်တာပါဘုရား။ တန်ကြေးအားဖြင့် မညီမျှတာကြုံလာရင် မယူတော့ဘူးလို့ ပြောခွင့်ရှိတာကို သိရလို့ ကျေးဇူးတင်ပါတယ်ဘုရား။ ။ ဒါကြောင့် ရဟန်းဆိုတာ ဝိနည်းကျွမ်းကျင် ရတယ်ဘုရား။
အရှင်ခေမာနန္ဒ
(ရန်ကင်းတောရ သပြေပင်)
ထပ်ဆင့်မျှဝေသူ
အရှင်နန္ဒာသီရိ
May be a cartoon of text
Like
Comment
Share

No comments:

Post a Comment

                                                                                                                                            ...