သေခြင်းလေးမျိုး နှင့် ဥပမာ
::::::::::::::::::::::::::::::::::::::::::::::::;:
မှတ်စု(၃၂)
သဗ်ဗေ သတ်တာ မရဏဓမ်မာ ၊
မရဏပရိယောသာနာ ၊
မရဏံအနတီတာ ။
လို့ ဘုရားရှင်ကိုယ်
တော်မြတ်ဟောတော်မူခဲ့သည့်အတိုင်း သတ္တဝါတွေဟာ သေခြင်းသဘောတရားရှိတယ်။ သေခြင်းအဆုံးရှိတယ်။သေခြင်းကို မလွန်မြောက်နိုင်ကြဘူး။ တဲ့ ......
ဒါ့ကြောင့် ရုပ်နာမ်ခန္ဓာရှိကြတဲ့
ပုဂ္ဂိုလ်တိုင်း သိထားရမှာက မွေးဖွားခြင်းအစ သေခြင်းအဆုံး ကြားကာလလေးအတွင်းမှာ အိုရမယ် နာရမယ် နောက်ဆုံးသေရမယ်ဆိုတာကိုပါ နေ့စဉ်နှင့်အမျှ ခန္ဓာမှာဉာဏ်လှည့်ပြီး သတိလေးကပ်ကာကပ်ကာနဲ့ မရဏာနုဿတိကမ္မဌာန်းကို ရှု့မှတ်ပွားများ အားထုတ်ပေး နေရပါမယ် ။
ဒါ့ကြောင့် လွန်ခဲ့သော
(ရက် လ နှစ်)တုန်းက ဘဝဟောင်းကိုစွန့်၍ ဘဝသစ်ဘုံသစ်သို့ ပြောင်းရွှေ့ကွယ်လွန်သွားရှာပြီးဖြစ်တဲ့ ဦး----- ဒေါ်------ ဟာလည်းဘဲ
ရုပ်နာမ်ခန္ဓာရှိတဲ့အတွက်ကြောင့် သခ်ါရသဘောတရားအရ မရဏနယ်ပယ်သို့
မလွဲသာ မရှောင်လိုက်ပါသွားရခြင်း ဖြစ်တယ် ။
ယခုလာရောက်ပြီးတော့ အသုဘဘာဝနာ
ရှု့ကြတဲ့ပုဂ္ဂိုလ် တွေကလည်း ဪ သူနဲ့ငါဟာ ရုပ်နာမ်ခန္ဓာရှိတာ အတူတူပါပဲလား ....?
တစ်နေ့နောင်အခါ ငါတို့လည်း
သွားရမှာပါကလား .......
ဒီလမ်းကို ဘုရားရဟန္တာတောင်မှ
မလွန်ဆန်နိုင်ပါလား .......
သွားရတာဟာ ရှေ့လူနဲ့
နောက်လူ ကွာတာပဲရှိတာ အတူတူပါပဲလားလို့ ဆင်ခြင်ပွားများ ရှု့မှတ်နေရပါမယ် ။
ဒီတော့ ဒီကမ္ဘာလောကကြီးမှာ
သေခြင်းတရားနဲ့ ပတ်သတ်ပြီးတော့ စဉ်းစားကြည့်လိုက်တဲ့အခါ သေခြင်းတရားဟာ လေးမျိုးရှိတာကို သွားပြီးတော့ တွေ့ရတယ် ။
အဘိဓမ္မာက ဘယ်လိုပြထားသလဲဆိုတော့
......
`` အာယုက်ခယနေ ကမ်မက်ခယနေ
ဥဘယက်ခယနေ ဥပစ်ဆဒေကကမ်မုနာ
စတေိ စတုဓာ မရဏုပ်ပတ်တိနာမ " ။
၁။ အာယုက္ခယေန = အသက်၏ ကုန်ခြင်းကြောင့်လည်းကောင်း ။
၂။ ကမ္မက္ခယေန = ကံ၏ကုန်ခြင်းကြောင့်လည်းကောင်း
။
၃။ ဥဘယက္ခယေန = အသက် , ကံ နှစ်ပါး၏ ကုန်ခြင်းကြောင့်လည်းကောင်း ။
၄။ ဥပစ္ဆေဒကကမ္မုနာ = ကပ်၍ဖြတ်တတ်သောကံကြောင့်လည်းကောင်း
။
ဣတိ၊ဤသို့ ။ သတ္တာနံ ၊ သတ္တဝါတို့၏ ။ မရဏံ ၊ သေခြင်းသည်။ စတုဓာ ၊ လေးပါးအပြားရှိသော ။ မရဏုပ္ပတ္တိနာမ၊မရဏုပ္ပတ္တိမည်သည်ကို။ဝေဒိတဗ္ဗော၊သိအပ်၏။ ။
၁။ သက်တမ်းကုန်၍သေးခြင်း ။
၂။ကံကုန်၍ငသခြင်း ။
၃။အသက် , ကံ နှစ်ပါးကုန်၍သေခြင်း ။
၄။ကပ်ဖြတ်တတ်သောကံကြောင့်
သေခြင်း။
ဆိုပြီး လေးပါးအပြားရှိတာကို
ဖော်ပြထားတယ် ။
(ဤလေးမျိုးကို တစ်မျိုးခြင်း
အကျယ်ရှင်းပြပါလေ( ဥပမာ ) ဘုရားရှင် လက်ထက်က လူတို့သက်တမ်းနှင့် မျက်မှောက်ခေတ် လူတို့သက်တမ်း နိုင်းယှဉ်၍ စသည်စသည် ဟောပြောပါလေ )
ဒါကို အလွယ်နည်းနဲ့
မှတ်မယ်ဆိုရင်
အသက်တမ်းကုန်
ကံစွမ်းကုန်နှင့်
အကုန်နှစ်မျိုး
ကံဆိုးဖြတ်ချွေ
သေရိုးပေ လေးထွေမရဏ
။
အဲ့ဒီလိုလည်း မဇတ်သားနိုင်ပာတယ်
။
ဒီလေးမျိုးကို အရိပ်ပြ အကောင်ထင်အောင် ဘယ်လိုဥပမာတွေနဲ့ ချိန်ထိုးပြထားသလဲဆိုရင် ...........
မီးစာကုန်ခန်း ဆီမီးအကုန်
ဆီကုန်ကမ္မ နှစ်ဝနှစ်စုံ
လေခြင်းတိုက်ခတ် တမင်သတ်တုံ
ဆေဒက နှိုင်းဆပမာပုံ
။
အရင်းတုန်းက ညညဆို မီးထွန်းတဲ့အခါ ခုခေတ်လို မတိုးတတ်သေးတော့ မီးထွန်းတော့မယ်ဆိုရင် မြေခွက်ကလေးယူ ဆီထည့် အထဲမှာ ချည်ကိုငင်ပြီးလိပ်ကာထည့်ထားတဲ့ မီးစာလေးနဲ့ ဒီမီးစာလေးကို ဆီဝအောင်စိမ်ပြီး မီးထွန်းလေ့ရှိကြတယ် ။ ဒါကို ယခုခေတ်ကြတော့ ဆီမီးခွက်ထွန်းတယ်လို့ ခေါ်ကြတယ်။
ယခုလည်း အဲ့ဒီလိုပဲ
သေခြင်းတရားလေးမျိုးကို ဒီဆီမီးခွက်နဲ့ ဥပမာပြုပြီး ပုံဖော်ပေးထားတယ် ။
ဘယ်လိုလည်းဆိုတော့ ....
၁ ။ အသက်တမ်းကုန်လို့ သေသွားတာဟာမီးစာကုန်လို့ ငြိမ်းသွားတဲ့ ဆီမီးခွက်နဲ့ တူပါတယ် ။
၂ ။ ကံကုန်လို့ သေသွားတာဟာ ဆီကုန်လို့ငြိမ်းသွားတဲ့ ဆီမီးခွက်နဲ့ တူပါတယ် ။
၃ ။ အသက် , ကံ နှစ်ပါးကုန်လို့ သေသွားတာဟာ မီးစာလည်းကုန် ဆီလည်းကုန်ခန်းလို့ ငြိမ်းသွားတဲ့ ဆီမီးခွက်နဲ့ တူပါတယ် ။
၄ ။ ကပ်၍ဖြတ်တတ်သောကံကြောင့် သေဆုံးသွားတာဟာ လေတိုက်ခတ်လို့ ငြိမ်းသွားတာပဲဖြစ်ဖြစ် တမင်သက်သက်ငြှိမ်းလိုက်လို့ ငြိမ်းသွားတာပဲဖြစ်ဖြစ် ငြိမ်းသွားတဲ့ ဆီမီးခွက်နဲ့တူပါတယ် ။
ဒါ့ကြောင့် သေခြင်းတရားလို့
ပြောလိုက်ဆိုလိုက် အသံကြားလိုက်တာနဲ့ တအားကြီး စိုးရိမ်လွန်ကဲစွာ ကြောက်နေစရာ သိပ်မလိုပါဘူး ။
သေခြင်းတရားဆိုတဲ့ သဘောတရားကို
ဘုရားသားတော် သမီးတော်တွေပီပီ အရင်ဆုံး နားလည်သဘောပြီး နားလည်ကျွမ်းကျင်ထားဖို့လိုပါတယ် ။
ဒါ့ကြောင့် ရိပ်သာဝင်ကြတဲ့
ပုဂ္ဂိုလ်တွေက အပြန်ခါမေးကြည့်ရင် ဘယ်လိုဖြေကြသလဲဆိုတော့ ငါတို့သေနည်းသင်တန်း သင်ပြီးပြန်လာတာလို့ ဖြေကြတယ် ။
ဒါသိရှိနားလည်သူတွေ အတွက်တော့
ပြောဆိုသုံးနှုန်းတာ အမှန်ပဲ ။
ဒါ့ကြောင့် မဃဒေဝမှာ
မန်လည်ဆရာတော်ဘုရားကြီးက ဘယ်လိုရေးထားသလဲဆိုတော့ ......
ရေဘေးမီးဘေး ပြည်ပျက်ဘေးကား
ဆယ်ရေးတစ်ရေး ကယ်နိုင်သေး၏
အိုဘေးနာဘေး သေခြင်းဘေးဟု
ဤဘေးသုံးပါး လွန်ကြီးမားက
သားနှင့်အမိ ဖြစ်တုံဘိလည်း
မျက်စိအောက်တွင် ရင်ခွင်တင်လျက်
သက်ပင်ရေးပိုင် မကယ်နှိုင်ဘူး
လက်မှိုင်ချကာ နေရစွာ့ရှင့်
။
ရေးဘေးမီးဘေး ပြည်ပျက်ဘေးဆိုတာ ကိုယ်က ကာယအား ဉာဏအား ဝတ္ထုငွေကြေးအား တတ်နိုင်လို့ ကယ်မယ်ဆိုရင် ဆယ်ရေးတစ်ရေးတော့ ကယ်နိုင်ပါသေးတယ် ။
အိုဘေးနာဘေး သေခြင်းဘေးဆိုတာ
ကိုယ်က ဘယ်လောက်ပင်တတ်နိုင်တတ်နိုင် မကယ်နိုင်ပါဘူး ယုတ်စွအဆုံး သားနဲ့အမိ ဖြစ်ပင်သော်ငြားလည်း သားသမီးဖြစ်ရင်လည်း အမိအဖက မကယ်နိုင် အမိအဖဖြစ်ရင်လည်း သားသမီးက မကယ်နိုင် သူ့မကယ်နိုင် ကိုယ့်မကယ်နိုင်နဲ့ မျက်စေ့အောက်တွင် ရင်ခွင်တင်ပြီး လက်မှိုင်ချကာပဲ နေရတာပါပဲ ။
ဒါ့ကြောင့် ကျန်ရစ်တဲ့သူတွေ
အနေနဲ့ လက်ရှိဘဝကို ဘယ်ဖြတ်သန်းနေထိုင်ကြရမလဲဆိုရင် ...............
မယားစားဖို့ သားစားဖို့ဟု
လောကအလို လိုက်မပိုနဲ့
ဤကိုယ်ပျက်ပြား ဘဝလားသော်
မယားမပါ သားမပါဘူး
။
လက်ရှိဘဝမှာ နေထိုင်တဲ့အခါ
မယားစားဖို့ သားစားဖို့ စသည်ဖြင့် အလိုလောဘမသက်ဘဲ နေ့စဉ်နှင့်အမျှ ရှာဖွေစု စောင်းကာ ကိုယ့်အတွက်ပါမယ့်
ဒါနရိက္ခာ သီလိက္ခာ သမထ ဝိပဿနာ ကမ္မဌာန်း တရားတွေ ပွါးများ အားထုတ်မထားဘူးဆိုရင် ဒီဘဝဒီခန္ဓာ ရွေ့လျောတဲ့အခါကြတော့ အဲ့ဒီကိုယ်ချစ်ပါတယ် ခင်ပါတယ် မြတ်နိုးထားပါတယ် တန်ဖိုးထားပါတယ်ဆိုတဲ့ ချစ်ခင်သူတွေမပါတော့ဘူး ကိုယ်ပြုလုပ်ထားတဲ့ ကံတွေကသာ ပါသွားပြီး ဒီကံတွေကသာ ကိုယ့်ဘဝရဲ့ အကောင်းအဆိုးကို ပဲ့ကိုင်ထိုင်း ကြောင်းပေးသွားမှာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် နာရေးသို့ကြွရောက်လာကြတဲ့
ဒါယကာ ဒါယကာမအပေါင်း သူတော်ကောင်းတို့ဟာလည်း ခန္ဓာမှာဉာဏ်သက်ဝင်ကာ ကိုယ်တတ်နိုင်တဲ့ဘက်က ကိုယ်စီကိုယ်စီ ရိက္ခာထုပ်တွေ ထုပ်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတည်း ။
အရှင်သာသန (နွားထိုးကြီး)
(၁၁ . ၈ . ၂၀၂၁ ) ဗုဒ္ဓဟူးနေ့
No comments:
Post a Comment